DVB Logo
Home
မြန်မာသတင်း
မန်းရွှေစက်တော်ဘုရားပွဲတော် သွားရောက်ဖူးမြော်သူ နည်းပါး
DVB
·
February 6, 2025
မန်းရွှေစက်တော်ဘုရားပွဲတော် သွားရောက်ဖူးမြော်သူ နည်းပါး
Donate to DVB

မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်အတွင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်ကစတင် ဖွင့်လှစ်ကျင်းပနေပေမဲ့ ဘုရားဖူးလာရောက်သူတွေ မရှိသလောက် နည်းပါးနေတယ်လို့  ဒေသခံတွေနဲ့ ဘုရားဖူးခရီးသွားလုပ်ငန်းတွေကနေ သိရပါတယ်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို အခုနှစ် ဖေဖော်ဝါရီ ၂ ရက်က စတင်ပြီး ဧပြီ ၁၇ ရက်အထိ ၇၅ ရက်ကြာ ကျင်းပနေတာ ဖြစ်ပါတယ်။

ရွှေစက်တော်ဘုရားအနီးကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်တာ၊  ဘုရားအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်စခန်းတွေ နေရာချထားတာ၊ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးတာတွေကြောင့် စိုးရိမ်ကြောက်လန့်ပြီး ဒီနှစ်မှာ ဘုရားဖူးခရီးသွားမယ့်သူ မရှိဖြစ်နေတာလို့ ဘုရားဖူးခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ဘုရားဖူးခရီးသွားအေဂျင်စီလုပ်ငန်းတာဝန်ရှိသူတယောက်က “ဦးလေးတို့က ရွှေစက်တော် ဘုရားဖူးသွားမယ်ဆိုပြီး လူခေါ်တယ်လေ၊  လိုက်မယ့်သူ ဘယ်သူမှမရှိဘူး။ မနှစ်ကနဲ့ မတူဘူး ဒီနှစ်က လိုက်မယ့်သူမရှိဘူး။ ဦးလေးတို့တောင် လူမပြည့်လို့ မထွက်ရတာလေ။ ဒါကြောင့် ဒီလကုန်မှပဲ ထွက်တော့မယ်။ ဒီနှစ်က လျော့သွားတာတောင်မဟုတ်ဘူး။ လိုက်မဲ့သူကို မရှိတော့တာ။ ရွှေစက်တော်ကို သွားတဲ့ဘက်မှာလည်း အသံတွေကြားနေရတော့ တော်ရုံဘုရားဖူးတွေက မလိုက်တော့ဘူးလေ။ ဦးလေးတို့ကတော့ လူရရင်တော့ ထွက်မှာပဲ၊ စားဝတ်နေရေးအရ ဘုရားဖူးရာသီဆိုရင် ထွက်ရမှာဘဲလေ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်က စတင်ကာ စစ်ကောင်စီတပ်က ဘုရားပွဲကျင်းပနိုင်ဖို့အတွက် မန်းရွှေစက်တော်ဘုရားအနီးကျေးရွာ ၁၁ ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

ဒါ့ကြောင့် အိုးပြင်မဲရွာ၊ အိုင်းမရွာ၊ လက်ပံတောရွာ၊ မဲချောင်ရွာ၊ ပုဒေါင်းရွာ၊ ဥယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ကိုင်းမကြီးရွာ၊ တင်ပြင်ခွေရွာ၊ ကသက်ရွာနဲ့ ဘုရားရွာတွေက ဒေသခံတွေ ၁၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက မန်းရွှေစက်တော်ဘုရားအဝင်မုခ်ဝ၊ ဘုရားရွာနဲ့ ပဒေါင်းရွာတွေမှာ အင်အား အလုံးအရင်းနဲ့ တပ်စွဲနေထိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းဘူးဒေသခံတယောက်က “စစ်တပ်က ဘုရားဝန်းထဲမှာ၊ ခြေတော်ရာဘုရားဝန်းထဲမှာရော ဘုရားအပြင်ဘက်မှာ အများကြီးပဲ တပ်စွဲထားတာရှိတယ်လေ။ မြောက်ဘက်ခြမ်းက ပုံမှန်သွားနေကျရွာတွေဆိုလည်း တိုက်ပွဲတွေဖြစ်လို့ စစ်ရှောင်နေကြတာလေ။ ရွှေစက်တော် သုံးမိုင်ပေါက်အဝင်မှာ စစ်တပ်က စစ်ဆေးတာရှိတယ်။ နောက်တခုက ဒီဘက် ဆင်ခေါင်းနဲ့ ကုန်းသာရွာကြား မင်းဘူးလမ်းပိုင်းလေ  အဲဒီမှာ စစ်တပ်နဲ့ မော်တော်ပီကယ်တွေနဲ့ပေါင်းပြီးတော့ ပိုက်ဆံတောင်းတယ်။ တချို့ကလေးတွေဆို ဆိုင်ကယ်လိုင်စင် မပါလို့ ဖမ်းသွားတယ်၊ စစ်မှုထမ်းခေါ်သွားတယ်၊ အဲဒါကြောင့် မသွားတာပါ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကလည်း  မန်းရွှေစက်တော်ဘုရားအနီးက လက်ပတောရွာရဲစခန်းကို နယ်မြေခံ PDF တပ်တွေက ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နဲ့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကလည်း မန်းရွှေစက်တော်ဘုရားပွဲကို အမှီပြုပြီးတော့ စစ်အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲတွေကြားထဲ ပါသွားနိုင်တဲ့အတွက် ဘုရားပွဲလာရောက် ဖူးမျှော်တာတွေ မပြုလုပ်ကြဖို့  သတိပေးထားတာပါလို့ မင်းဘူးခရိုင် အမှတ်-၆ တပ်ရင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။

“သူတို့ အဓိကကတော့ ဒီဘက်မှာ စစ်တပ်ကအင်အားသစ် ဖြည့်ဆည်းတာပေါ့နော်။ အဓိကက လူငယ်တွေကို ပေါ်တာဆွဲတယ်၊ ဒီဘက်တကြောမှာ အများအပြားလုပ်တယ်။ ရွာတွေမှာဆိုရင်လည်း တအိမ်တယောက် မလိုက်မနေရ လိုက်ခေါ်တာရှိပါတယ်။ ပြီးရင် စစ်ကောင်စီက အရပ်သားကားတွေကို အသုံးပြုပြီး စစ်အင်အားတိုးချဲ့နေတာတွေရှိပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လုပ်တဲ့အချိန်မှာ အရပ်သားနဲ့ စစ်ကောင်စီနဲ့ ရောစပ်နေတဲ့အချိန်မှာ ကျနော်တို့အနေနဲ့ စစ်ရေးအရ လှုပ်ရှားရတာ အခက်အခဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့က ခုချိန်တော့မလာပါနဲ့လို့၊ နောက်ပြီးလို့ဆိုရင်  တိုင်းရင်းသားမဟာမိတ်တွေပေါ့နော် သူတို့ကလည်း စစ်ရေးအရ နယ်မြေစိုးမိုးမှု အပိုင်းတွေ  လုပ်ဖို့ရှိနေတာဆိုတော့ တိုက်ပွဲကြားထဲ မညှပ်စေချင်လို့ မလာခိုင်းတာပါ။”

နှစ်စဉ်နှစ်တိုင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကာလမှာ ညအိပ်တည်းခိုနိုင်တဲ့ တည်းခိုဆောင် ၅၀၀ နီးပါးနဲ့ စျေးဆိုင်ခန်းပေါင်း ၁၄၀၀ နီးပါး တည်ဆောက်ခဲ့တာပါ။

ဒါပေမဲ့ ဒီနှစ်မှာတော့ ထက်ဝက်ကျော်လောက်လျော့ကျသွားပြီး တည်းခိုဆောင် ၃၀၀ ကျော်နဲ့ စျေးဆိုင်ခန်းပေါင်း ၃၀၀ ကျော်လောက်ပဲ  တည်ဆောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မန်းရွှေစက်တော်က မင်းဘူးမြို့ရဲ့ အနောက်တောင်ဘက် ၂၆ မိုင်ကွာဝေးတဲ့ အနောက်ရိုးမ အရှေ့ဘက်ဆုံး တောင်စွယ်ပေါ်မှာ  တည်ရှိပြီး စကုမြို့ရဲ့ အနောက်တောင်ဘက် ၁၆ မိုင်အကွာမှာ တည်ရှိပါတယ်။  

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013