
ဟာ့ဂ်ျဘုရားဖူးစည်းမျဉ်းတွေကို ချိုးဖောက်ပြီး လူ ၆ ယောက်ကို မက္ကာမြို့ထဲ ခိုးသွင်းဖို့ ကြိုးပမ်းခဲ့တဲ့ မြန်မာနိုင်ငံသားတယောက်ကို ဟဂ်ျလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အကြောင်း Saudi Gazette သတင်းတပုဒ်မှာ ဧပြီ ၂၅ ရက်က ဖော်ပြပါတယ်။
ဖမ်းဆီးခံရတဲ့ သံသယရှိသူ မြန်မာနိုင်ငံသားရဲ့ နာမည်နဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ သတင်းမှာ တိတိကျကျ ဖော်ပြထားခြင်း မရှိပါဘူး။
လက်ရှိမှာတော့ သံသယရှိသူတွေကို သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်လိုက်ပြီလို့ သိရပါတယ်။
အစ္စလာမ်ဘာသာမှာ စစ်မက်ဖြစ်ပွားခြင်းကို တားမြစ်ထားတဲ့ သန့်စင်မွန်မြတ်တဲ့ ၄ လထဲက တလဖြစ်တဲ့ ဇူကဒ်လက စတင်ကာ ဧပြီ ၁၉ ရက်ကနေ မေ ၃၁ ရက် အထိ ကာလအတွင်း ဘယ်လို ဗီဇာအမျိုးအစားနဲ့မဆို ရောက်ရှိနေသူတွေကို မက္ကာမြို့နဲ့ မြင့်မြတ်ရာနယ်မြေတွေအတွင်း ပို့ဆောင်ပေးသူကို အမြင့်ဆုံး ဒဏ်ငွေ ရီယယ် ၁ သိန်းအထိ ချမှတ်မှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြိုတင်သတိပေးထားခဲ့တာပါ။
ဒါ့အပြင် တခြားပြစ်ဒဏ်တွေအနေနဲ့ ခွင့်ပြုမိန့်မရှိဘဲ ဟာ့ဂ်ျဘုရားဖူးတာ၊ ဒါမှမဟုတ် ဘုရားဖူးဖို့ ကြိုးပမ်းတာတွေအတွက်လည်း အမြင့်ဆုံးဒဏ်ငွေ ရီယယ် ၂၀,၀၀၀ ချမှတ်မယ်လို့ ဆိုပါတယ်။
အလားတူ ဧပြီ ၁၉ ရက်ကနေ မေ ၃၁ ရက်အတွင်း မက္ကာမြို့နဲ့ မြင့်မြတ်ရာနယ်မြေတွေဆီ ဝင်ရောက်တာ၊ ဝင်ရောက်ဖို့ ကြိုးပမ်းတာ၊ ဒါမှမဟုတ် ဆက်လက်နေထိုင်မှု ပြုလုပ်တဲ့ ဘယ်လို ဗီဇာအမျိုးအစား ကိုင်ဆောင်ထားသူကိုမဆို အဆိုပါ ပြစ်ဒဏ်တွေအတိုင်းပဲ ချမှတ်သွားမယ်လို့ ဆိုပါတယ်။
မက္ကာမြို့ဟာ တမန်တော် မိုဟာမက်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်ပြီး ငွေကြေးတတ်နိုင်ပြီး ကျန်းမာရေးကောင်းတဲ့ အစ္စလာမ် ဘာသာဝင်တွေဟာ သူတို့ဘဝတသက်တာမှာ အနည်းဆုံးတကြိမ် ဟာ့ဂ်ျဘုရားဖူးသွားကြပါတယ်။
အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားကြတဲ့ ဟာ့ဂ်ျဘုရားဖူးခရီးစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ဆီ နှစ်စဥ်နှစ်တိုင်း လာရောက်ကြတဲ့ ကမ္ဘာတဝန်းလုံးက အစ္စလာမ်ဘာသာဝင် အရေအတွက် သန်းနဲ့ချီ ရှိနေပြီး ကမ္ဘာမှာ လူအများဆုံးတက်ရောက်တဲ့ ဘာသာရေးပွဲတော်တွေထဲက တခု ဖြစ်ပါတယ်။










