DVB Logo
Home
မြန်မာသတင်း
တတိယနိုင်ငံ အမြန်သွားရမည်ဆိုပြီး လိမ်လည်မှုများရှိနေဟု မလေးရှား UNHCR သတိပေး
DVB
·
February 6, 2025
တတိယနိုင်ငံ အမြန်သွားရမည်ဆိုပြီး လိမ်လည်မှုများရှိနေဟု မလေးရှား UNHCR သတိပေး
Donate to DVB

အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်ခွင့် ပေးထားတဲ့ ဒုက္ခသည် လက်ခံရေး အစီအစဉ် (USRAP) ကို ဆိုင်းငံ့ထားတာကြောင့် မလေးရှားမှာ ရှိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ တတိယနိုင်ငံကို အမြန်သွားရောက်ဖို့ ကူညီပေးနိုင်တယ်ဆိုတဲ့ လိမ်လည်မှုတွေကို သတိထားဖို့ မလေးရှားနိုင်ငံက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သတိပေးလိုက်ပါတယ်။

မလေးရှားနိုင်ငံက UNHCR အနေနဲ့ ဒုက္ခသည်တွေကို အမေရိကန်နိုင်ငံကို ပို့ဆောင်တာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ညွှန်ကြားချက်တွေကိုသာ စောင့်ဆိုင်းနေတာဖြစ်ပြီး မလေးရှားနိုင်ငံကနေ တတိယနိုင်ငံကို အမြန်သွားရမယ်၊ သွားဖို့ ကူညီပေးနိုင်တယ်ဆိုပြီး လိမ်လည်တာတွေကို မယုံကြဖို့ ဖေဖော်ဝါရီ ၅ ရက်မှာ သတိပေးခဲ့တာပါ။

ဒုက္ခသည်အမှုတွဲဖိုင် ပိုမိုလျင်မြန်စေဖို့ဆိုပြီး ပိုက်ဆံတောင်းသူတွေကိုလည်း အယုံအကြည်မရှိဖို့ သတိပေးထားသလို ဒီလို လိမ်လည်မှုတွေကို တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကိုလည်း ထုတ်ပြန်ထားပါသေးတယ်။

UNHCR အနေနဲ့ အမေရိကန်အစိုးရရဲ့ ညွှန်ကြားချက်ကို စောင့်နေသေးတဲ့ကာလဖြစ်ပြီး ဒီလိုအချိန်မှာ တတိယနိုင်ငံကို ထွက်ခွာရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အလုပ်ကထွက်တာ၊ ကလေးတွေကို ကျောင်းက နားလိုက်တာ၊ ပစ္စည်းတွေရောင်းချတာ စတဲ့ အပြောင်းအလဲတွေ မလုပ်ကြဖို့ကိုလည်း ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM)၊ ဒုက္ခသည်များအခြေချနေထိုင်ရေး ပံ့ပိုးစင်တာ (RSC) စတဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေဆီကသာ တရားဝင် ဆက်သွယ်လာတာ မဟုတ်ရင် တတိယနိုင်ငံ ထွက်ခွာမယ့် အခြေအနေတွေကို မယုံဖို့ကိုလည်း သတိပေးထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအနေနဲ့ ဒုက္ခသည်ခေါ်ယူမှုကို ဆိုင်းငံ့တာအပြင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တင်းတင်းကျပ်ကျပ် ဖြိုခွင်းတာတွေလည်း လုပ်ဆောင်နေတာပါ။

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အကြောင်းကြောင်းကြောင့် နေထိုင်ခွင့်ဗီဇာ စတဲ့ တရားဝင် အထောက်အထားတွေ သက်တမ်းကုန်ဆုံးနေရင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအဖြစ် သတ်မှတ်ခံရပြီး ပြည်နှင်ခံရနိုင်တာကြောင့် နေထိုင်ခွင့် အထောက်အထားတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် လျှောက်ကြဖို့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက သတိပေးထားပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လာရောက် လျှောက်ထားနိုင်တယ်လို့လည်း မြန်မာသံရုံးက ပြောဆိုထားပါတယ်။

အမေရိကန်ရောက် အထောက်အထားမဲ့ အိန္ဒိယနိုင်ငံသား ၁၀၀ ကျော်ကိုလည်း ဖေဖော်ဝါရီ ၅ ရက်က အိန္ဒိယနိုင်ငံကို ပြန်ပို့ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013