
ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ်က နယ်မြေပြဿနာ အငြင်းပွားမှုတွေကို ဗဟိုအဆင့်ဆွေးနွေးဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံ စာပို့အကြောင်းကြားထားတယ်လို့ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ KIA တပ်ဖွဲ့တွေအကြား နယ်မြေအငြင်းပွားမှု ဖြစ်ပေါ်နေတာတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ လက်ရှိမှာ အောက်ခြေတပ်မဟာအဆင့်ကသာ ညှိနှိုင်းဆောင်ရွက်နေပြီး KIA ဗဟိုနဲ့ ဆွေးနွေးဖို့အတွက် စာပို့အကြောင်းကြားထားတယ်လို့ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက DVB ကို ပြောပါတယ်။
“ကျမတို့ KIA နဲ့ ဗဟိုအဆင့် ဆွေးနွေးတာမျိုးတော့ မရှိသေးပါဘူး။ ဗဟိုအဆင့် ဆွေးနွေးဖို့ ကျမတို့က စာပို့ထားတာတော့ ရှိပါတယ်။ လိုင်းပေါ်မှာ ပျံ့နေတာကတော့ မိုးမိတ်မှာရှိတဲ့ တပ်မဟာအဆင့်တွေနဲ့ ဆွေးနွေးပြီး သဘောတူညီမှု ဖြစ်ပါတယ်။”
KIA နဲ့ TNLA တို့အကြား နယ်မြေအငြင်းပွားမှုတွေ ဖြစ်နေတဲ့အပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက လက်နက်ကိုင်အဖွဲ့တွေကြား အချင်းချင်း လေးစားပြီး စစ်အာဏာရှင်ကို အတူလက်တွဲ တိုက်ပွဲဝင်ဖို့အတွက် ဖေဖော်ဝါရီ ၅ ရက်မှာ ကျရောက်တဲ့ ၆၄ နှစ်မြောက် ကချင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
“ရှမ်းမြောက်မှာလည်း နယ်မြေလုတာတွေ ဖြစ်နေတယ်။ စစ်အင်အား လက်နက်အင်အားနဲ့ပဲ နယ်မြေကို စိုးမိုးရယူတာမျိုး မဟုတ်ဘူး။ အခုအချိန် အတူနေ လက်နက်ကိုင်တပ်တွေကြား အချင်းချင်း လေးစားပြီး လက်တွဲကာ အဓိကရန်သူကို တိုက်ရအောင်” လို့ KIO ဥက္ကဋ္ဌက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရှမ်းမြောက် ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ မန်တုံမြို့နယ်တွေရဲ့ ဒေသအချို့မှာ KIA နဲ့ TNLA တို့ကြား နယ်မြေအငြင်းပွားမှုတွေကြောင့် အောက်ခြေတပ်ဖွဲ့ဝင်တွေအကြား ပွတ်တိုက်မှုတွေ ရှိခဲ့ပေမဲ့ တဖက်နဲ့တဖက် လက်နက်မပါဘဲ ဖြေရှင်းခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA နဲ့ TNLA တို့အကြား နယ်မြေပိုင်ဆိုင်မှု ပြဿနာ၊ ဂိတ်ကြေးကောက်ခံနေတဲ့ ပြဿနာ၊ နယ်မြေဖြတ်သန်းသွားလာမှုဆိုင်ရာ ပြဿနာတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။










