DVB Logo
Home
မြန်မာသတင်း
ညောင်ရွှေတွင် စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံး၊ မြိုင်မြို့နယ် PDF စခန်း မီးရှို့ခံရ၊ တနင်္သာရီတွင် တိုက်ပွဲပြင်းထန်
DVB
·
February 5, 2025
ညောင်ရွှေတွင် စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံး၊ မြိုင်မြို့နယ် PDF စခန်း မီးရှို့ခံရ၊ တနင်္သာရီတွင် တိုက်ပွဲပြင်းထန်
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ‌ညောင်ရွှေမြို့နယ်မှာ ဖေဖော်ဝါရီ ၅ ရက်က  စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီမနက် ၇ နာရီကျော်နဲ့ ၈ နာရီကျော်မှာ ဖယ်ခုံအနောက်ဘက်ခြမ်း သစ်ပင်‌ကောက်ရွာက စစ်ကောင်စီတပ်သားနဲ့ ပအိုးဝ်ပြည်သူ့စစ်တွေက  ဘုရားတောင်ကျေးရွာကို လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာပါ။

သေဆုံးသူတွေဟာ အသက် ၇၄ နှစ်အရွယ် ဦးပြား၊ အသက် ၄၀ အရွယ် ကိုဖိုးဝတို့ ဖြစ်ပြီး အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကလည်း ဘုရားတောင် ဘုန်းတော်ကြီးကျောင်းအနီး ရေပူရွာသားတွေ စစ်ရှောင်နေထိုင်တဲ့ တဲတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် လက်နက်ကြီးထိမှန်ပြီး စစ်ရှောင်ပြည်သူ ၃ ယောက် သေဆုံးပြီး  ၁၄  ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းတခုက ဖေဖော်ဝါရီ ၃ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဒေသပြည်သူ့ကာကွယ်ရေး PDF စခန်းတခုကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားပါတယ်။

မြိုင်မြို့နယ်အခြေစိုက် Myaing Underground Defense Force (MUGDF) ရဲ့ စခန်းကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး သိန်းရာချီဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “အဲဒီ Myaing Underground Defense Force (MUGDF) က ကျနော်တို့ အညာမြေတပ်ပေါင်းစုရဲ့ မဟာမိတ်တပ်ဖွဲ့ပါ။ အခုအကြိမ်က ဒုတိယအကြိမ် မီးရှို့ခံရတာပါ။ စခန်းမှာသုံးတဲ့ လိုင်းအားမြှင့်စက်တို့၊ ဘတ်ထရီနဲ့ ဆိုလာတွေ၊ ဆိုင်ကယ်တွေ၊ ခဲယမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာသုံးတဲ့ ပစ္စည်းတွေ ပျက်စီးကုန်တာပေါ့ဗျာ။ စခန်းအဆောက်အအုံတွေလည်း မီးလောင်ပျက်စီးတာပေါ့။ အဲဒီစခန်းက ရဲဘော်တွေက တခြားနေရာတခုမှာ မစ်ရှင်သွားနေလို့ မရှိကြတဲ့အချိန်မှာ ဖြစ်သွားတာပါ။ နောက်တန်းစခန်းလုံခြုံရေးအတွက် စခန်းစောင့် မထားခဲ့ကြဘူးလေ။ ပျက်စီးတဲ့ပမာဏကတော့ ခန့်မှန်းဆိုရင် သိန်း ၄၅၀ ဖိုးလောက်ရှိမယ်ဗျ” လို့ DVB ကို ပြောပါတယ်။

မြိုင်အခြေစိုက် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “သူတို့ဘက်က အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကြောင်းက မြိုင်စက်မှု ၂ ကနေ ဝက်ပုတ်ကျေးရွာကတဆင့် မြိုင်နယ် အနောက်တောင်ပိုင်းကို စစ်ကြောင်းထိုး‌လာတာ။ ဝက်ပုတ်ဘက်ကနေ မြိုင်အနောက်တောင်ပိုင်းကို စစ်ကြောင်းထိုး‌လာရင်းနဲ့ အခုလို PDF စခန်းကို စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားကြတာ” လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်း စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့တာတွေ ရှိသလို ရမ်းသန်းပစ်ခတ်မှုတွေကြောင့်လည်း ပြည်သူတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြပြီး တချို့ဒေသခံပြည်သူ အမျိုးသား ၅ ယောက်ထက်မနည်းကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြသေးတယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ မြိုင်မြို့နယ်ထဲကနေ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းမှာတော့ ပေါက်မြို့နယ်ထဲက သနပ်ပင်ကျေးရွာကို ဝင်ရောက်ကာ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပြီး ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းကို ရောက်ရှိသွားကြပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

အဆိုပါ MUGDF စခန်းကို ၂၀၂၂ ခုနှစ်၊ ဇွန် ၃၀ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ ကျပ်သိန်း ၃၀၀ ဝန်းကျင် ဆုံးရှုံးခဲ့ရပါသေးတယ်။

တနင်္သာရီမြို့နယ်၊​ ထုံမခါကျေးရွာမှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ထုံမခါတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး မြေပြင်စစ်ကြောင်းကလည်း နေအိမ် ၆ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မြေပြင်ရှိရဲဘော်တယောက်က “အဲဒီစစ်ကြောင်းက ထုံမခါရွာကို ရောက်နေတယ်။ တိုက်ပွဲက နေ့တိုင်းရှိတယ်။ ဖြစ်လိုက် နားလိုက်ပဲ။ နောက်ပြန်မဆုတ်သေးဘူး။ စကစရဲ့ မြေပြင်စစ်ကြောင်းကလည်း နေအိမ်တွေကို မီးရှို့သွားတယ်” လို့ ပြောပါတယ်။

အဆိုပါ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ဇန်နဝါရီ ၂၇ ရက်ကစပြီး ဘန်လော၊ ငါးမိုင်နဲ့ ခြောက်မိုင်ရွာတွေကို ဖြတ်ကာ ထုံမခါရွာကို တပ်ဖြန့်ပြီး စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာလည်း ဘန်လောကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013