
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ ရေမြင့်တက်ပြီး နေရာရွှေ့ပြောင်းနေရတယ်လို့ ဒေသခံ အမျိုးသားတယောက်က နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
နိုဝင်ဘာ ၉ ရက်လောက်စပြီး မိုးဆက်တိုက်ရွာနေသလို နိုဝင်ဘာ ၁၁ ရက်ကစလို့ ရေတက်နှုန်း မြန်လာခဲ့ပြီး ရပ်ကွက် ၇ ခုလောက်မှာ အိမ်အောက်ထပ် ရေဝင်တာ၊ လမ်းပေါ် ရေ ၃ ပေ၊ ၄ ပေ ကနေ ၅ ပေအထိ မြင့်လာနေပြီလို့ သိရပါတယ်။
ညောင်ရွှေဒေသခံ အမျိုးသားတယောက်က “ရေအရမ်းတက်၊ မိုးကလည်းမရပ်ဘူး။ တရိပ်ရိပ် တက်နေတာ ညကတည်းက။ ညောင်ရွှေက ပိတ်မိနေတာ၊ ကယ်ဆယ်ရေးတွေတော့ ဝင်နေကြပြီ နေ့လယ်က” လို့ ပြောပါတယ်။
တောင်ကြီးမှာလည်း မိုးဆက်တိုက်ရွာနေပြီး တောင်ကျရေတွေက မြေနိမ့်ပိုင်းကို ဆင်းတာ၊ တောင်လေးလုံးဘက်က လာတဲ့ရေတွေ၊ ညောင်ရွှေအရှေ့ဘက် တောင်တန်းကလာတဲ့ရေတွေ၊ ရွှေညောင်ကလာတဲ့ ရေတွေစုပြီး ညောင်ရွှေဘက်ကို ရောက်သွားတဲ့အတွက် ရေပြင်လို ဖြစ်နေတာလို့ သိရပါတယ်။
ဝင်းရပ်၊ မြို့လယ်ရပ်၊ သာစည်ရပ်၊ နန်းပန်ရပ်၊ ကံသာရပ်တို့မှာ နေအိမ်အပေါ်ထပ်နားထိ ရေဝင်နေပြီး ကယ်ဆယ်ရေးတွေ ကူနေပေမဲ့ လူအင်အား မလောက်တာတွေ ဖြစ်နေတယ်လို့ သိရပြီး အကူအညီတွေလည်း လိုနေတယ်လို့ ပြောပါတယ်။
ရေမြုပ်နေလို့ နေအိမ်စွန့်ခွာပြီး ဘုန်းကြီးကျောင်း၊ အသိမိတ်ဆွေအိမ်တွေမှာ သွားရောက်နေထိုင်သူ တွေ ရှိသလို နေရာမရွှေ့ပြောင်းရသေးဘဲ ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အင်းထဲမှာလည်း ရေက နဂိုမူလထက် ၃ ပေကျော် မြင့်တက်လာတာကြောင့် ဒေသခံတချို့က နေရာရွှေ့ပြောင်းနေတာနဲ့ ကြိုတင်ပြင်ဆင်တာတွေ လုပ်နေကြရပြီလို့ သိရပါတယ်။











