
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေက ၅ နှစ်ကျော်ကြာ စစ်ရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံနေရသလို ခုလက်ရှိမှာလည်း နေမကောင်း တာအတွက် ဆေးဝါးဝယ်ယူဖို့ ခက်ခဲနေတယ်လို့ စစ်ရှောင်အမျိုးသားတယောက်က ပြောပါတယ်။
စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၁၅၃ စုရှိပြီး လူဦးရေ ၃၅၀ ကျော် နေထိုင်နေကြသလို ခုလက်ရှိမှာ အိမ်တိုင်းနီးပါး နှာချေ၊ ချောင်းဆိုး၊ ခေါင်းကိုက်တာတွေ ရှိနေပြီး ဆေးဝယ်စရာ ပိုက်ဆံမရှိကြဘူးလို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသားတယောက်က “ပြန်ခိုင်းတာ အိမ်မရှိလို့ ကျန်ခဲ့သူတွေ၊ အသက်ကြီးရွယ်အို တွေရော ကလေးတွေရော နေမကောင်းဘူး။ အသက်ကြီးသူတွေက နာတာရှည်ရော ရာသီဖျားရော ပါတယ်။ အလုပ်အကိုင်မရှိတာ၊ အလှူရှင်မရှိတော့တာ၊ ကျန်းမာရေးဖြစ်ရင် ခက်ခဲနေတာတွေပေါ့” လို့ ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်တပ်က နေရပ်ကို အတင်းပြန်ခိုင်းပေမဲ့ ပြန်စရာအိမ်တွေ မရှိ ကြတော့လို့ ကျန်နေတဲ့သူတွေဖြစ်ပြီး အလှူရှင်မရှိတော့တာ ကြာမြင့်လာတဲ့အပြင် စီးပွားရေး လုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။
စစ်ရှောင်ပြည်သူတွေက ဒီးမော့ဆိုဘက်က စစ်ရှောင်လာကြသလို လက်ကျန်ငွေကြေးတချို့နဲ့ စားဝတ်နေရေးကို ပြေလည်အောင် ထမင်းလျှော့စားကာ ဖြေရှင်းနေရပြီး ကျန်းမာရေးအတွက် ဆိုရင်လည်း ဆေးဝါးကုသဖို့ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းခွဲကျော်ရှိပြီး ကရင်နီပြည်နယ်အတွင်းက စစ်တပ် အုပ်ချုပ်ရေးမရှိတဲ့ နေရာတွေမှာ စစ်ရှောင်ကြသလို ရှမ်းပြည်နယ်စပ်က မြို့နယ်တွေမှာလည်း စစ်ရှောင်ကြသူတွေ ရှိနေပါတယ်။











