
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့မှာ စိုက်ပျိုးရေးလုပ်ငန်းမှာသုံးဖို့ စက်သုံးဆီ သယ်လာတဲ့ လူငယ်တယောက်ကို စစ်တပ်က ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလူငယ်ဟာ ဧပြီ ၇ ရက် ညနေပိုင်းလောက်မှာ နန်းပန်မြို့ကနေ စက်သုံးဆီဝယ်ပြီး ညောင်ရွှေမြို့လမ်းပေါ်ဂိတ်ကို ဖြတ်လာတဲ့အချိန် ရွှေလဖုန်းကျေးရွာအနီး စစ်ဆေးရေးဂိတ်တခုမှာ ဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “အဲဒီကောင်လေးက အိမ်သုံး၊ လယ်ယာသုံးအတွက်ပဲ ဆီသယ်လာတာပါ။ ဒီလိုပဲ လိုအပ်လို့ သယ်လာတာကို ပမာဏများတယ်ဆိုပြီး ဖမ်းသွားတာဆိုတော့ တကယ် စိတ်မကောင်းဖြစ်မိတယ်ဗျ” လို့ ပြောပါတယ်။
92 ဓာတ်ဆီ ၂၀ လီတာတပုံး၊ ပရီမီယမ်ဒီဇယ် ၂၀ လီတာပုံးနဲ့ ၁၅ လီတာတပုံး ပါလာတာကြောင့် ဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
ဖမ်းခံရသူဟာ ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာနေ အသက် ၂၄ နှစ်အရွယ် မောင်မင်းဟန်စိုး ဖြစ်ပြီး သူ့ကို ညောင်ရွှေမြို့မရဲစခန်းမှာ ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့ အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။
သူ့မှာ ကြက်သွန်ဖြူ၊ အာလူးနဲ့ မုန်ညင်းတွေ စိုက်ပျိုးထားတာကြောင့် ရေသွင်းဖို့အတွက် စက်သုံးဆီဝယ်လာတာလို့ ဒေသခံတွေကပြောပြီး ပြောင်းစိုက်ဖို့အတွက်လည်း မြေညှိထွန်ယက်ဖို့ စက်သုံးဆီ လိုအပ်တယ်လို့ ဆိုပါတယ်။
ညောင်ရွှေနဲ့ နန်းပန်က ဆီဆိုင်တွေမှာ လုပ်ငန်းသုံးဖို့ စက်သုံးဆီကို အထောက်အထားမပါလည်း ရောင်းချပေးပြီး 92 ဓာတ်ဆီ တလီတာကို ကျပ် ၉,၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
ဒေသခံနောက်တယောက်က”အခုလို ဆီသယ်ရတာကို အရမ်းတင်းကျပ်နေတော့ လိုအပ်လို့ သယ်လာတဲ့သူတွေတောင် အဆင်မပြေတော့ဘူး။ ဒီလို ဖမ်းသွားတာတွေ့ရတော့ လယ်ယာ စိုက်ပျိုးရေးသုံးဖို့အတွက် ဝယ်ဖို့တောင် စိုးရိမ်စိတ် ကြောက်စိတ်အရမ်းများပါတယ်” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်မှာ စက်သုံးဆီသယ်ဆောင်တာကို စစ်တပ်က တင်းတင်းကျပ်ကျပ် ထိန်းချုပ်နေပြီး ဂိတ်တွေမှာလည်း စစ်ဆေးပြီး ငွေညှစ်တာ၊ ဖမ်းဆီးတာ မကြာခဏ လုပ်နေပါတယ်။










