
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း သက်ကြီးရွယ်အိုတွေကို အဓိကပါဝင်စေပြီး “ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့” အမည်နဲ့ အဖွဲ့တခု ဖွဲ့စည်းထားကြောင်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဆိုပါအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ ပါဝင်သူတွေကို စစ်ရေးအခြေခံသင်တန်းတွေနဲ့ သတင်းအချက်အလက် စုဆောင်းရေးဆိုင်ရာ သင်တန်းတွေ ကြိုတင်ပို့ချပေးခဲ့ပြီးနောက် အခု မေလ ပထမပတ်မှာ အဖွဲ့အစည်းအဖြစ် တရားဝင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “အခုဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ဟာ ရပ်ရွာလုံခြုံရေးအတွက်ထက် ဒေသခံတွေရဲ့ လှုပ်ရှားမှုနဲ့ သတင်းအချက်အလက်တွေကို စောင့်ကြည့်စုဆောင်းဖို့ ပိုရည်ရွယ်ထား သလို မြင်ရတယ်” လို့ ပြောပါတယ်။
အဲဒီအဖွဲ့မှာ ပါဝင်သူအများစုဟာ အသက် ၅၀ အထက်ရှိ အသက်အရွယ် ကြီးမြင့်သူတွေ ဖြစ်ကြောင်း သိရပါတယ်။
ဒေသခံတယောက်က “သင်တန်းတက်တဲ့သူ ၅၀ လောက်ရှိတယ်လို့ သိရပြီး အများစုက အသက်ကြီးပိုင်းတွေ ဖြစ်နေတာကြောင့် ဒေသခံတွေကြား ပိုပြီး စိတ်ဝင်စားမှုနဲ့ စိုးရိမ်မှုတွေ မြင့်လာနေတယ်” လို့ ပြောပါတယ်။
ဒေသခံတွေ သုံးသပ်ချက်အရ အခုဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဟာ ရပ်ရွာလုံခြုံရေးထက် ဒေသတွင်း သတင်းအချက်အလက်တွေ စုဆောင်းတာ၊ လှုပ်ရှားမှုများကို စောင့်ကြည့်တာနဲ့ ထိန်းချုပ်နိုင်ဖို့ ပိုမို အသုံးပြုလာနိုင်ကြောင်း စိုးရိမ်နေကြပါတယ်။
လက်ရှိ အဆိုပါအဖွဲ့ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး ညောင်ရွှေဒေသခံများအကြား ဝေဖန်သံတွေ ထွက်ပေါ် နေပြီး မြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာ စည်းကမ်းတင်းကျပ်မှုတွေ ပိုမိုများပြားလာနိုင်ကြောင်း လည်း ခန့်မှန်းနေကြပါတယ်။










