DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် မန္တလေးတွင်  တလအတွင်း လူငယ် ၇၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
February 5, 2025
ရန်ကုန်နှင့် မန္တလေးတွင်  တလအတွင်း လူငယ် ၇၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ဇန်နဝါရီ တလအတွင်းမှာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက လူငယ် ၇၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ Rangoon Scout Network နဲ့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းမှာ ဇန်နဝါရီလအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၄၇၅ ယောက်ရှိပြီး ၅၈ ယောက်က ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်တဲ့ ၃၉၇ ယောက်ရဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရမှု အများဆုံးမြို့နယ်တွေမှာ တာမွေ၊ သာကေတ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံ၊ အလုံနဲ့ အင်းစိန်တို့က ဖြစ်ပါတယ်။

လမ်းမတွေပေါ်မှာ အတင်းအဓမ္မ ဖမ်းဆီးခံရသူ ၂၄၁ ယောက်၊ ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရသူ ၇၇ ယောက်၊ လမ်းသွားရင်း စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၅၈ ယောက်၊ သတင်းအတိအကျနဲ့ ရှာဖွေဖမ်းဆီးခံရသူ ၅၁ ယောက်နဲ့ စစ်မှုထမ်းစာရင်းမှာပါလို့ ဖမ်းဆီးခံရသူ ၄၈ ယောက် ရှိတယ်လို့ သိရပါတယ်။

အလားတူ မန္တလေးတိုင်းမှာလည်း ဇန်နဝါရီလအတွင်း ဖမ်းဆီးခံရသူ ၂၃၇ ယောက်ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းက အောင်မြေသာဇံမြို့နယ်မှာ ၃၂ ယောက်၊ ချမ်းအေးသာဇံမြို့နယ်မှာ ၂၇ ယောက်၊ မဟာအောင်မြေမြို့နယ်မှာ ၄၆ ယောက်၊ ချမ်းမြသာစည်မြို့နယ်မှာ အယောက် ၃၀၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ၃၅ ယောက်၊ ပုသိမ်ကြီးမြို့နယ်မှာ ၃၄ ယောက်နဲ့ အမရပူရမြို့နယ်မှာ ၃၃ ယောက်တို့ ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေလည်း ပါဝင်ပါတယ်။

စစ်တပ်က ဖမ်းဆီးရာမှာ နေ့၊ ည အချိန်မရွေး နေအိမ်တွေထဲကို ဧည့်စာရင်း အကြောင်းပြပြီး ဝင်ရောက်ဖမ်းဆီးတာ၊ လမ်းမတွေပေါ်တွင် လုံခြုံရေးအကြောင်းပြ စစ်ဆေးကာ ဖုန်းတွေပါမကျန် စစ်ဆေးဖမ်းဆီးတာ၊ အလုပ်သွား၊ အလုပ်ပြန် အခြေခံလူတန်းစား လူငယ်လူထုကို ပစ်မှတ်ထား ဖမ်းဆီးတာတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ မန္တလေးသပိတ်အင်အားစုက ဆိုပါတယ်။

ချိတ်ဆက်အဖွဲ့အစည်းတွေ၊ မြေပြင်သတင်းမီဒီယာတွေအပေါ် အခြေခံပြီး စာရင်းပြုစုထားတာ ဖြစ်တာကြောင့် မြေပြင်မှာ မတရားဖမ်းဆီးခံရမှုတွေ ပိုပြီးရှိနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013