DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း စာသင်ကျောင်း ၂၄၅ ကျောင်းနှင့် ဆေးရုံဆေးခန်း  ၃၄၀ ကျော် တိုက်ခိုက်ခံရ
DVB
·
February 5, 2025
နိုင်ငံတဝန်း စာသင်ကျောင်း ၂၄၅ ကျောင်းနှင့် ဆေးရုံဆေးခန်း  ၃၄၀ ကျော် တိုက်ခိုက်ခံရ
Donate to DVB

စစ်အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ၂၄၅ ကျောင်းထက်မနည်း ရှိခဲ့ပြီး ဆေးရုံနဲ့ ဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု ၃၄၀ ကျော် ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဖေဖော်ဝါရီ ၄ ရက်မှာ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားတဲ့ Press Briefing အစီအစဉ်မှာ ခုလို ပြောလိုက်တာပါ။

“ပညာရေးနဲ့သက်ဆိုင်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကြောင့် ကျောင်းသား ကျောင်းသူ ဆရာ ဆရာမ စုစုပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရပြီး သေဆုံးသူတွေထဲမှာ ၁၈ နှစ်အောက် ကလေး ၈၈ ဦးပါဝင်ကြောင်း သိရှိပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကျန်းမာရေး၀န်ထမ်း CDM ၁၃၃ ဦး အသက်ပေးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃၅ ဦး ရှိခဲ့ပါတယ်။”

ဒါ့အပြင် စစ်ကောင်စီဟာ အာဏာကို နည်းမျိုးစုံနဲ့ထိန်းသိမ်းဖို့ စဥ်ဆက်မပြတ် ကြိုးစားနေသလို နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး၊ လူထုဆက်ဆံရေး စတဲ့ ကဏ္ဍအစုံမှာ အရှုံးနဲ့ ကြုံတွေ့နေရပြီး လူထုကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေကို ထပ်တိုး ကျူးလွန်လာနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းကလည်း အကြမ်းဖက်စစ်အုပ်စုဟာ ကျောက်မဲမြို့၊ ပြည်သူ့ဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲပြည်သူ့ဆေးရုံတခုလုံး ထိခိုက်ပျက်စီးခဲ့ရပြီး သူနာပြုဆရာမကြီးတယောက် အပါအဝင် စုစုပေါင်း ၃ ယောက် သေဆုံးကာ ဆေးရုံဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးကုသမှု ခံယူနေသူတွေ အပါအဝင် အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းမှာလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာက စာသင်ကျောင်း၊ လူနေအိမ်တွေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချကာ Mi-35 ရဟတ်ယာဉ်နဲ့လည်း နာရီဝက်လောက်ကြာအောင် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၄ နှစ်အရွယ်နဲ့ ၅ လသား အရွယ် ကလေးငယ် ၂ ယောက် အပါအဝင် စုစုပေါင်း ၁၈ ယောက် သေဆုံးခဲ့တယ်လို့ NUG အစိုးရက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လက်နက်အားကိုးနဲ့ သူတို့ရဲ့ အာဏာသိမ်းသက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုးမြှင့်တာက စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်မယ့် ကာလတွေကို  ထပ်မံတိုးမြှင့်နေတာပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာပေါ်မှာ နိုင်ငံရေးအပြောင်းအလဲတွေ စဥ်ဆက်မပြတ် ဖြစ်ပေါ်လာနေပြီး အဲဒီလို အခြေအနေတွေကနေ နိုင်ငံတိုင်းကို အနည်းနဲ့အများ သက်ရောက်မှုတွေ ရှိလာနေမှာပဲ ဖြစ်ကာ ဘယ်လို အပြောင်းအလဲ အခက်အခဲတွေ ကြုံရပါစေ စိန်ခေါ်မှုတွေ ဘယ်လိုပဲ ရင်ဆိုင်နေရပါစေ တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာပြည်သူလူထုဟာ လိုချင်တဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ဆီ မမှိတ်မသုန် ဆက်ချီတက်နေကြမယ်၊ အောင်ပွဲရယူကြမယ်လို့လည်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013