DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်လက်ထက် ပိုမိုဆိုးရွားလာနေတဲ့ သတင်းလွတ်လပ်ခွင့် 
ကေခိုင်
·
April 30, 2026
စစ်အာဏာရှင်လက်ထက် ပိုမိုဆိုးရွားလာနေတဲ့ သတင်းလွတ်လပ်ခွင့် 
Donate to DVB

ကမ္ဘာတဝန်းမှာ မေလ ၃ ရက်နေ့ဟာ သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားဂုဏ်ပြုတဲ့ “ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့” (World Press Freedom Day) ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းမှုဒဏ်ကို ၅ နှစ်ကြာ ခါးစည်းခံနေရတဲ့ မြန်မာနိုင်ငံက သတင်းသမားတွေ အတွက်တော့ ဂုဏ်ပြုပွဲနေ့မဟုတ်ဘဲ ရှင်သန်ရပ်တည်ရေးအတွက် တိုက်ပွဲဝင်နေရသလို အသက်နဲ့ရင်းပြီး ရုန်းကန်နေကြရဆဲ နေ့ရက်တွေဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၅ ခုနှစ်အထိ မြန်မာ့စာနယ်ဇင်းလောကဟာ အဆိုးရွားဆုံး အမှောင်ထုထဲကို ရောက်ရှိသွားခဲ့ပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် မေလအထိ မတရားဖမ်းဆီးခံခဲ့ရတဲ့ မီဒီယာသမား ၂၀၀ ကျော် ရှိခဲ့ပါတယ်။ လက်ရှိ အချိန်ထိလည်း အကျဉ်းထောင်တွေထဲမှာ သတင်းမီဒီယာသမား ၁၉ ယောက်ဟာ မတရားတဲ့ ဥပဒေတွေနဲ့ ဆက်လက်ပိတ်လှောင်ခံထားရဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်းမှာလည်း သေဆုံးသွားခဲ့ရတဲ့ သတင်းသမား ၇ ယောက်အထိ ရှိခဲ့တာပါ။ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၅ ညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၆၉ မှာ ရှိနေပြီး “အနီရောင်အဆင့်” ဆိုးရွားတဲ့ အခြေအနေအဖြစ် သတ်မှတ်ခံထားရတာပါ။ 

ဒါကြောင့် သတင်းမီဒီယာလုပ်ငန်းတွေနဲ့ သတင်းသမားတွေဟာ အသက်အန္တရာယ် လုံခြုံရေးကြောင့် နိုင်ငံပြည်ပကို ထွက်ခွာပြီး သတင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြရတာပါ။ ဒါပေမဲ့ ပြည်တွင်းမှာ ကျန်ရှိနေတဲ့ မြေပြင်သတင်းထောက်တွေ ဆက်ရှိနေဆဲဖြစ်ပြီး နေ့စဉ်နဲ့အမျှ စိုးရိမ်ပူပန်မှုတွေနဲ့ ဖမ်းဆီးခံရမဲ့ဘေးကို ရင်ဆိုင်နေရပါတယ်။ 

ဝါသနာကို အရင်းခံပြီး ပြည်သူတွေဆီကို မြေပြင်ကနေ သတင်းမှန်တင်ပြချင်တဲ့အတွက် သတင်းထောက်အလုပ်ကို ဆက်လုပ်နေတာပါလို့ ၁၃ နှစ်သက်တမ်းရှိတဲ့ မြေပြင်သတင်းထောက်တ ယောက်က ပြောပါတယ်။ 

“စစ်တပ်က လုံခြုံရေးအကြောင်းပြပြီး စစ်ဆေးရေးဂိတ်တွေမှာ လူရော ဖုန်းရော၊ ကိုယ်ရေး အချက်အလက်တွေရော စစ်တာကြမ်းတော့ သတင်းယူရတာ အန္တရာယ်ရှိတာကို မပြောနဲ့ သာမန်ပြည်သူတယောက်အနေနဲ့တောင် သူတို့ ကြည့်မရရင် ခေါင်းစဉ်တပ်ပြီး အဖမ်းခံရနိုင်တယ်။ စစ်မှုထမ်းလည်း ပါသွားနိုင်တယ်။ ဘက်ပေါင်းစုံကနေ မလုံခြုံမှု ပြဿနာတွေက အများကြီးပါပဲ။ အာဏာသိမ်းခါစကဆိုရင် သတင်းထောက်လုပ်တာ သိတော့ ရဲတပ်ဖွဲ့က အရပ်ဝတ်တွေနဲ့ နှစ်နဲ့ချီ စောင့်ကြည့်ခံခဲ့ရတယ်။ ပြည်တွင်းမှာ သတင်းထောက်လုပ်ရတာ အလုပ် ၂ ခုလောက်ပြပြီး ခိုးဝှက် လုပ်ရတော့ စိတ်ဖိစီးမှုများတယ်၊ မလုံခြုံမှုများတယ်၊ အဓိကကတော့ မိသားစုစားဝတ်နေရေးနဲ့ ပြည်သူဆီကို မြေပြင်ကနေ သတင်းတင်ပြချင်တဲ့ ကိုယ့်ဝါသနာကြောင့် ဆက်လုပ်တာပါ။” 

စစ်အာဏာရှင်က သတင်းသမားတွေကို နှိပ်ကွပ်ရာမှာ ဥပဒေကို လက်နက်သဖွယ် ပြောင်းလဲ အသုံးချ လာပါတယ်။ 

အာဏာသိမ်းခါစက နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) နဲ့ အဓိက အရေးယူခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ထောင်ဒဏ် နှစ်ရှည်ချမှတ်နိုင်တဲ့ “အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ” တွေနဲ့ ပြောင်းလဲအရေးယူလာတာကို တွေ့လာရပါတယ်။ 

Myanmar Now ရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တာ၊ မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာတွေဟာ မီဒီယာလောကကို အကြောက်တရားတွေ ရိုက်သွင်းဖို့ လုပ်ဆောင်တဲ့ သာဓကတွေပဲလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု ကမ္ဘာမှာ ဒုတိယအဆိုးဆုံးနိုင်ငံ ဖြစ်လာပါတယ်။

အာဏာသိမ်းစစ်တပ် စိုးမိုးတဲ့ နယ်မြေတွေမှာပဲ သတင်းစာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခံနေရတာ မဟုတ်ပါဘူး။ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်တဲ့ နယ်မြေတွေမှာလည်း သတင်းစာ လွတ်လပ်ခွင့်ဟာ လုံခြုံရေးခေါင်းစဉ်အောက်မှာ အကန့်အသတ်တွေ ရှိနေပါတယ်။ 

ရခိုင်ပြည်နယ်မှာ သတင်းလွတ်လပ်ခွင့်ဟာ စစ်တပ်နယ်မြေရော၊ ULA/AA နယ်မြေမှာပါ ဆိုးရွားနေတယ်လို့  Western News အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက ပြောပါတယ်။

“စစ်တပ် ထိန်းချုပ်တဲ့ နေရာတွေမှာရော၊ ULA/AA ထိန်းချုပ်တဲ့ နေရာတွေမှာရော အဲဒီလို သတင်းလွတ်လပ်ခွင့်က အရင်ကထက် ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်။ သတင်းသမား ဆိုတာနဲ့ စစ်တပ်က ဒါ ဖမ်းဆီးမယ်၊ ထောင်ချမယ်၊ မတရားပုဒ်မတွေနဲ့ စစ်ဆေးမယ်၊ တရားစွဲမယ်ဆိုတာ အခုထိ လက်ရှိအခြေအနေအထိ စစ်တပ်က လုပ်နေတာက သံသယဖြစ်စရာ မရှိဘူးပေါ့လေနော်။ ULA/AA ထိန်းချုပ်တဲ့ နေရာမှာပဲ သတင်းသမားတွေ ရှိတယ်၊ ဒါပေမဲ့ ကန့်သတ်ချက်နဲ့ သူတို့ လုပ်နေရတယ်ပေါ့လေ။ တချို့ သတင်းဌာနတွေဆိုရင် မြေပြင်မှာ တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ရေးလို့မရတာ၊ မတင်ပြနိုင်တာ၊ မထုတ်ဖော်နိုင်တာတွေ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ မြင်ရတာပေါ့။ 

၂၀၂၅-၂၆ ရွေးကောက်ပွဲအပြီး စစ်အာဏာရှင်က အစိုးရသစ်ဖွဲ့လာပေမဲ့လည်း သတင်းလွတ်လပ်ခွင့်အတွက် အလားအလာမတွေ့ရဘူးလို့ ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်က သုံးသပ်ပါတယ်။ 

“အခု ၂၀၂၅-၂၆ ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး ပေါ့နော် အခု အစိုးရသစ် ဖွဲ့တယ်။ ဒါပေမဲ့ သူတို့ အရပ်သားလို့ခေါ်တဲ့ အစိုးရသစ်ဖွဲ့ပေမဲ့လည်း သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ဖြေလျှော့မဲ့ အရိပ်လက္ခဏာ မတွေ့ရဘူးပေါ့နော်။ သတင်းသမားတွေက ပြည်တွင်းမှာ လွတ်လွတ်လပ်လပ်၊ ကိုယ့်သတင်းသမားပါလို့ ပြောပြီးတော့ လုပ်နိုင်တဲ့ အခြေအနေ မရှိဘူးပေါ့။ နောက်တချက်ကတော့ သတင်းသမားပါလို့ ပြောတဲ့အခါမှာ စောင့်ကြည့်ခံရမယ်၊ သို့မဟုတ် ခေါ်ယူစစ်ဆေးခံရမယ်၊ သတင်းအလုပ်နဲ့ မဆိုင်တဲ့ တခုခု အချက်အလက်တွေ့ရင်တောင်မှပဲ ဒါနဲ့ ဖမ်းဆီးခံထောင်ချလို့ အရေးယူတာမျိုးတွေ လုပ်မယ်။ ဒါမျိုးတွေက ပြည်တွင်းမှာ သတင်းအလုပ် လုပ်ဖို့အတွက် မဖြစ်နိုင်သေးတဲ့ အခြေအနေက ဒီသတင်းလွတ်လပ်ခွင့် ၂၀၂၁ နောက်ပိုင်း သတင်းလွတ်လပ်ခွင့် အခြေအနေ ဆိုးလာတဲ့ အခြေအနေတွေက ဒီအတိုင်းပဲ ဆက်ပြီးရှိနေမယ်။"

သတင်းလွတ်လပ်ခွင့် မရှိတဲ့ လူ့အဖွဲ့အစည်းဟာ အမှောင်ထဲမှာ လမ်းလျှောက်နေရတာနဲ့ တူပါတယ်။ သတင်းသမားဆိုတာ ကလောင်နဲ့ ကင်မရာကိုကိုင်ပြီး အာဏာရှိသူတွေရဲ့ မတရားမှုကို ဖော်ထုတ်ဖို့ ကြိုးစားကြသူတွေပါ။ သူတို့ဟာ ဘယ်အာဏာပိုင်ရဲ့ လုပ်ရပ်ကိုမှ ဖုံးကွယ်ဖို့ လုပ်လာကြသူတွေ မဟုတ်ပါဘူး။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့် ရရှိဖို့၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချနေတာတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သတင်းမီဒီယာအသိုက်အဝန်းက မျှော်လင့်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013