DVB Logo
Home
မြန်မာသတင်း
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ရှမ်းတောင် ရွာ ၃ ရွာတွင် PNDF-KK က ဆေးဝါးကုသပေး
DVB
·
February 4, 2025
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ရှမ်းတောင် ရွာ ၃ ရွာတွင် PNDF-KK က ဆေးဝါးကုသပေး
Donate to DVB

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ကျေးရွာ ၃ ရွာက ဒေသခံ အယောက် ၂၃၀ ကျော်ကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF -KK) က ၃ ရက်အတွင်းမှာ ဆေးဝါးကုသမှုတွေ လုပ်ပေးခဲ့ပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရှမ်းပြည်နယ်တောင်းပိုင်းမှာရှိတဲ့ ပင်လောင်း၊ ဖယ်ခုံနဲ့ ပေါင်းလောင်းဒေသထဲက ကျေးရွာ ၃ ရွာကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF -KK)က ဇန်နဝါရီလထဲမှာ ဆေးဝါး သွားရောက်ကုသပေးခဲ့ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေရှိရာနေရာကို ဇန်နဝါရီ ၂၃ ရက်ကနေ ၂၅ ရက်အထိ ၃ ရက်တာ သွားရောက်ဆေးကုသပေးခဲ့ပြီး စုစုပေါင်း အိမ်ခြေ ၉၄ စုနဲ့ စစ်ဘေးရှောင်ပြည်သူ အယောက် ၂၃၀ ကျော်ကို ဆေးဝါးကုသပေးခဲ့ပါတယ်။

PNDF-KK အဖွဲ့မှ ခွန်အိုက်နောင်က “အဓိကတော့ လမ်းပန်းဆက်သွယ်ရေးပေါ့နော်။ ဆိုင်ကယ်နဲ့သွားရတယ်။ ဆေးဝါးကုတဲ့အချိန်မှာ အရင်လိုမျိုး အေးဆေး အချိန်ပေးပြီး လုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ လေကြောင်းရန်၊ လက်နက်ကြီးရန်တွေလည်းရှိတော့ အတတ်နိုင်ဆုံး အမြန်ဆုံးလုပ်ရတာပေါ့” လို့ ပြောပါတယ်။

သွားရောက်ကုသတဲ့ ကျေးရွာတွေဟာ ကားလမ်းမပေါက်တဲ့အတွက် ဆိုင်ကယ်တွေနဲ့ တောတောင်အထပ်ထပ်ကို ဖြတ်ကျော်ကာ ခက်ခက်ခဲခဲသွားခဲ့ရပြီး စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ များတဲ့အတွက် နာတာရှည်ရောဂါတွေနဲ့ လူကြီးရောဂါတွေ အဖြစ်များကြတယ်လို့ ဆိုပါတယ်။

PNDF KK အဖွဲ့ဟာ ဆေးဝါးတွေ ဝယ်ယူရာမှာလည်း စျေးနှုန်းမြင့်တက်တာတွေနဲ့ သယ်ယူရတဲ့ လမ်းကြောင်းအခက်အခဲတွေရှိနေတဲ့အတွက် ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင် မဖြူသဲဦးက “မိုးတွင်းဆို ဆိုင်ကယ်စီးမရဘူး။ လမ်းလျှောက်သွားရင် နေ့တဝက်လောက် လျှောက်ရတယ်။ ဆေးဝါးအခက်အခဲက ဆေးပေးခန်းသွားရင်လည်း ဆေးခန်းက ဖွင့်လားမဖွင့်လား မသေချာဘူး။ ဆေးပေးခန်းကလည်း ဆေးဝါးအခက်အခဲကြောင့် များများမပေးနိုင်ဘူးပေါ့။ လူကြီးတွေများတဲ့အတွက် သွေးတိုးတို့ လူကြီးရောဂါတွေ အဖြစ်များတာပေါ့နော်” လို့ ပြောပါတယ်။

အခက်အခဲတွေကြားကနေ စစ်ဘေးရှောင်ပြည်သူတွေအတွက် တလကို အနည်းဆုံးတကြိမ်နှုန်းနဲ့ စစ်ရှောင်စခန်းတွေမှာ ဆေးးဝါးကုသမှုတွေ ပြုလုပ်ပေးဖို့ရှိနေတယ်လို့ သိရပါတယ်။

ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ တောတောင်တွေထဲကို စစ်ရှောင်ကြရပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ၊ စားဝတ်နေရေးအခက်အခဲတွေနဲ့ ဆေးဝါးအခက်အခဲတွေကို ကြုံတွေ့နေရကာ အလှူရှင်လာရောက်လှူဒါန်းမှုတွေကို စောင့်မျှော်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။ 

နှင်းနှင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013