DVB Logo
Home
မြန်မာသတင်း
နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်ခံရမှု ၈,၀၀၀ ကျော်ရှိ၊ လေယာဉ်ဆီတင်သွင်းမှု အရေးယူပေးရန် NUG ဝန်ကြီး တိုက်တွန်း
DVB
·
February 4, 2025
နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်ခံရမှု ၈,၀၀၀ ကျော်ရှိ၊ လေယာဉ်ဆီတင်သွင်းမှု အရေးယူပေးရန် NUG ဝန်ကြီး တိုက်တွန်း
1 / 2
Donate to DVB

စစ်အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၆၂ ခုထက်မနည်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၈,၀၀၀ ကျော် ရှိခဲ့တယ်လို့  မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံး ဖြစ်ခဲ့ပြီး အကြိမ် ၁,၇၀၀ ထက်မနည်း ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ အကြိမ် ၁,၃၀၀ ထက်မနည်း ရှိခဲ့ပြီး ဒုတိယအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဇန်နဝါရီ တလအတွင်းမှာ အရပ်သားထိခိုက်၊ သေဆုံးသူ ၁၁၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်းမှာ အရပ်သားသေဆုံးသူ ၆၂ ယောက်ရှိပြီး ၅၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DVB ရဲ့ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးသွားသူတွေမှာ ရမ်းဗြဲမြို့နယ်မှာ ၂၇ ယောက်၊ မြောက်ဦးမြို့နယ်မှာ ၂၈ ယောက်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၄ ယောက်၊ ရသေ့တောင်မြို့နယ်မှာ ၁ ယောက်၊ ဂွမြို့နယ်မှာ ၁ ယောက် နဲ့ မြေပုံမြို့နယ်မှာ ၁ ယောက် တို့ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရှိသူတွေကတော့ ရမ်းဗြဲမြို့နယ်မှာ ၂၉ ယောက်၊ မြောက်ဦးမြို့နယ်မှာ ၂၅ ယောက် နဲ့ ရသေ့တောင်မြို့နယ်မှာ ၁ ယောက်တို့ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီအတွင်းမှာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာက လူနေအိမ်ပေါင်း ၄၀၀ ထက်မနည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ဆိုရင် လေယာဉ်ဆီ တင်သွင်းတာတွေကို ဖြတ်တောက်ပြီးတော့ လေယာဉ်ဆီအဓိက တင်သွင်းနေတဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေ နဲ့ လူပုဂ္ဂိုလ်တွေကို ပိတ်ဆို့အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ NUG နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

“ဒီ လေယာဉ်ဆီတွေကို ဝယ်တဲ့အခါမှာ အမေရိကန် ဒေါ်လာနဲ့ ပေးချေရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ စစ်ကောင်စီရဲ့ လက်ထဲကို ငွေမရှိအောင်လို့ ဖြတ်တောက်တဲ့နည်းကလည်း တနည်းအားဖြင့် လေကြောင်းတိုက်ခိုက်မှုတွေကို လျော့ကျအောင် လုပ်တဲ့အခါမှာ နည်းလမ်းတခုအနေနဲ့ ကျမတို့ စီမံဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ ဒီပစ္စည်း လမ်းကြောင်းကို ဖြတ်တောက်ရုံမဟုတ်ဘဲနဲ့ သူ့လက်ထဲကို ငွေမဝင်နိုင်အောင် ဒီလောင်စာဆီကို ဒီလေယာဉ်ဆီကို မဝယ်နိုင်တဲ့ အနေအထားမျိုးအထိ ဖြစ်သွားအောင် သူ့လက်ထဲမှာ ဘဏ္ဍာရေးရန်ပုံငွေ ပြတ်တောက်သွားအောင် လုပ်တဲ့နည်းနာပေါ့နော်။ သူ့ရဲ့ ဘဏ္ဍာရေးရန်ပုံငွေ ကို စီးဆင်းနေတဲ့ ပေးချေနေတဲ့ ဘဏ်တွေ၊ ဒီ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို တွေကိုလည်း ကျမတို့ ထိရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဖို့ စည်းရုံးလှုံ့ဆော်နေတာတွေ ရှိပါတယ်။”

ရှမ်းပြည်နယ်အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ဇန်နဝါရီလအတွင်းမှာပဲ ပြည်သူ ၁၃ ယောက်သေဆုံးခဲ့ပြီး ၂၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ကစပြီး မိုးကုတ်မြို့အရှေ့ပိုင်းကို လေကြေင်းအသုံးပြုစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာလည်း နောင်ချိုမြို့နယ်အတွင်းကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့လို့ အမျိုးသား ၅ ယောက် သေဆုံးခဲ့ကာ ဒဏ်ရာရသူတွေနဲ့ အဆောက်အဦပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အလားတူ ကျောက်မဲမြို့နယ်ထဲကိုလည်း ဇန်နဝါရီ ၂၅ ရက်က လေကြောင်းကနေထပ်မံတိုက်ခိုက်ခဲ့လို့ အမျိုးသား ၂ ယောက်နဲ့အမျိုးသမီး ၂ ယောက်သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ တအာင်းဒေသမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လူထုကို ဦးတည်တဲ့တိုက်ခိုက်မှုတွေဖြစ်တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်နဲ့ ကယန်းဒေသတွေမှာ စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၄ နှစ်တာကာလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၁၇၈၈ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ၃ ရက်ဆက်တိုက် ကျေးရွာ ၄ ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၁၈ နှစ်အောက် ကလေး ၄ ယောက် အပါအဝင် သေဆုံးသူ ၁၀ ယောက်အထိ ရှိလာပြီး ဒဏ်ရာရသူ ၂၀ ဝန်းကျင်ထိ ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက အခုနှစ်ဆန်းပိုင်းကစတင်ပြီး ကလေးမြို့၊ တမူးမြိုနဲ့ ဂန့်ဂေါမြို့နယ်ဘက်က ကျေးရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်‌တွေရဲ့‌ လေကြောင်းသတိ‌ပေးချက်တွေကို လိုက်နာကြဖို့ ကလေးနယ်က တော်လှန်‌ရေးအင်အားစုတွေဘက်က သတိပေးထားပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013