DVB Logo
Home
မြန်မာသတင်း
ဗန်းမော် စကခ ၂၁ အပါအဝင် စစ်ကောင်စီတပ်ရင်းစခန်းများတွင် အနီးကပ်တိုက်ပွဲဖြစ်
DVB
·
February 4, 2025
ဗန်းမော် စကခ ၂၁ အပါအဝင် စစ်ကောင်စီတပ်ရင်းစခန်းများတွင် အနီးကပ်တိုက်ပွဲဖြစ်
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အမြောက်တပ် ၃၆၆ ကိုသိမ်းပိုက်ပြီးနောက်ပိုင်း စကခ ၂၁ အပါအဝင် စစ်ကောင်စီတပ်ရင်းစခန်းတွေမှာ အနီးကပ်တိုက်ပွဲဆက်ဖြစ်နေကြောင်း KIA က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က စတင်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ဆို ၂ လဝန်းကျင်ကြာလာတဲ့အထိ စစ်ကောင်စီတပ်ရင်းတွေမှာ အနီးကပ်တိုက်ပွဲတွေ ပြင်းထန်နေတုန်း ဖြစ်ပါတယ်။

အဓိကအနေနဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနားတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ပြင်းပြင်းထန်ထန်ခုခံနေကြောင်း သိရပါတယ်။

KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက  “KIA တပ်ပေါင်းစုအဖွဲ့တွေလည်း စကစ စခန်းတွေမှာ အနီးကပ်ပေါ့နော်၊ စောင့်ပြီးမှ တိုက်ပွဲတွေဖြစ်နေတဲ့အနေအထား၊ ပြင်းထန်တဲ့အနေအထား ဖြစ်ပါတယ်။ နောက်တခုကတော့ စကခ ၂၁ ဘက်မှာကတော့ သူတို့ရဲ့စစ်သားတွေ တခြားသော ဝန်ထမ်းတွေအားလုံး အဲဘက်မှာ စုနေတယ်လို့ဆိုတာ ကြားရပါတယ်။ အားလုံး အဲဘက်မှာ စုတာပေါ့။ ကျန်တဲ့တပ်တွေက သူတို့ဆုတ်သွားတော့ လက်လွတ်သွားပြီဆိုရင် အဲဘက်ကို ဆုတ်သွားတဲ့ အနေအထား ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းအဖွဲ့တွေက ဗန်းမော်လေယာဉ်ကွင်း အနီးတဝိုက်နဲ့ မြို့ပေါ်နေရာအတော်များများကို ထိန်းချုပ်ထားပြီး အမှတ် ၆၀၀၇ သံချပ်ကာတပ်ရင်း၊ အမှတ် ၃၆၆ အမြောက်တပ်ရင်းနဲ့ စလစ ၂ လို့ခေါ်တဲ့ အမှတ် ၂ အလုပ်ရုံတပ်စု (လျှပ်စစ်) တပ်တွေကိုလည်း သိမ်းပိုက်ထားပါတယ်။

ဒါပေမဲ့ ဗန်းမော်မှာ စကခ ၂၁ အပြင် ခလရ ၄၇၊ ခလရ ၂၃၆၊ ခလရ ၂၃၇၊ အမှတ် ၆၄၁ စစ်လက်နက် ပစ္စည်းတပ်စု၊ အမှတ် ၅ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၁၁ စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် ၉၃၃ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း၊ အမှတ် ၉၄၄ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၉၁၄ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းတွေကျန်ရှိနေပါသေးတယ်။

CDM အရာရှိ ဗိုလ်ကြီးဇင်ယော် က “အဲမှာက စကခ ၂၁ ရယ်၊ ခလရ ၄၇ ရယ်၊ စအရ ၉၁၄ ကိုပဲ ပြင်းပြင်းထန်ထန်တိုက်ရမယ့် အနေအထားရှိပါတယ်။ ကျန်တဲ့တပ်တွေက တပ်စုအဆင့်၊ တပ်ခွဲအဆင့်လေးတွေဆိုတော့ အခွံသာသာလောက်ပဲရှိပါတယ်ဗျ။ ဒီတပ်ရင်းတွေကိုတော့ ကြီးကြီး မားမားပေါ့နော် ပြင်းပြင်းထန်ထန်တိုက်ခိုက်ရပါလိမ့်ဦးမယ်။ စကခ ၂၁ က ကျနော်တို့ မကြာခင်ကျသွားမယ့် အနေအထားမျိုးထိ ပြောလို့ရတယ်လို့ပဲ မှန်းဆရပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပူးပေါင်းတပ်တွေပိတ်ဆို့ထားတဲ့ စကခ ၂၁ ထဲက Non-CDM နဲ့ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် အလင်းဝင်လာကြောင်း ဗန်းမော်မြို့ထဲနဲ့ အဆက်အသွယ်ရှိတဲ့ မြို့ခံက အသေအချာ ပြောပေမဲ့ KIA ကတော့ အတည်ပြုပြောတာမရှိသေးပါဘူး။

ဒါ့အပြင် ဗန်းမော်မြို့ထဲနဲ့ စစ်ကောင်စီတပ်တွေ လက်လှမ်းမီတဲ့ ကျေးရွာ‌တချို့မှာ တခုတည်းသော ဆက်သွယ်ရေးလိုင်းဖြစ်တဲ့ CDMA ဖုန်းကတ်တွေကို အရပ်သားတွေဆီကနေ လိုက်သိမ်းနေကြောင်း သူကဆက်ပြောပါတယ်။  

တိုက်ပွဲကာလ ၂ လကြာလာတဲ့အထိ ဗန်းမော်မြို့ထဲမှာနေထိုင်တဲ့ ဒေသခံတွေ ကျန်နေတုန်းဖြစ်ပြီး လေယာဉ်ဗုံးဒဏ်ကြောင့် အဆောက်အဦအတော်များများပျက်စီးထားပြီး ဆက်သွယ်ရေးနဲ့ သွားလာရေးအခက်အခဲတွေကြောင့် အတိအကျကိုတော့ မခန့်မှန်းနိုင်သေးကြောင်း ဆိုပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013