
ချင်းပြည်နယ်မှာ လူဦးရေ ၅ သိန်းနီးပါရှိရာ စစ်အာဏာသိမ်း ၄ နှစ်အတွင်း ထက်ဝက်နီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး နေရပ်မှာ ပြန်လည်အခြေချဖို့ စိန်ခေါ်မှုတွေရှိနေတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့ ဖေဖော်ဝါရီ ၁ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ချင်းပြည်နယ်မှာ မြို့ပြတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နှစ်ဘက်စစ်ဘေးဒဏ်ကို ရှောင်တိမ်းနိုင်ဖို့၊ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုအန္တရာယ်ကြောင့် ဒေသခံတွေဟာ နေရပ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတာပါ။
၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်လူဦးရေ ၅သိန်းနီးပါးရှိခဲ့ပြီး လက်ရှိမှာ အိန္ဒိယနိုင်ငံကို စစ်ဘေးတိမ်းရှောင်လာသူမှာ ၆၅,၀၀၀ ကျော်နဲ့ ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၁၃၀,၀၀၀ ခန့်ရှိနေပြီလို့ သိရပါတယ်။
ICA တာဝန်ရှိသူ လိုင်းဗန်ဆွီးဆန် က “ကူညီတဲ့ အဖွဲ့တွေလောက်ပဲ အားကိုးနေရတာပေါ့နော်။ နယ်စပ်ဖြတ်ကျော်ခွင့်ကလည်း ပိုပိုပြီးတင်းကျပ်လာတယ်၊ တဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်လာတဲ့ အနေအထားဆိုတော့။ အိန္ဒိယဘက်မှာ စစ်ဘေးရှောင်လာဖို့ အနေအထားဆိုရင်လည်း တော်တော်လေးကို ခက်မယ့်အနေအထားကို ရောက်သွားနိုင်တယ်ပေါ့။ ဗဟိုအစိုးရအပေါ်မှာလည်း အများကြီးမူတည်ပြီးတော့ ပြည်နယ်အစိုးရအပေါ်မှာလည်း မူတည်နေပါတယ်။ ရေရှည်ရပ်တည်ဖို့ဆိုရင် ကူညီထောက်ပံ့မှုနဲ့က လုံလောက်မှာ မဟုတ်ဘူးဆိုတော့ အသက်မွေးဝမ်းကြောင်းအတွက် ပညာရပ်လေးတွေ သင်ကြားပေးဖို့ လိုအပ်လာမယ်၊ နောက်ထပ်တိုးလာမယ့် refugee တွေအတွက်လည်း နေရာထိုင်ခင်းတွေ လိုအပ်လာမယ့်အနေအထားရှိနေတယ်” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ်မှာ မြို့သိမ်းတိုက်ပွဲတွေ ပိုများလာတဲ့အတွက် ချင်းပြည်နယ်ကနေ နေရပ်စွန့်ခွာမှု အရေအတွက်ဟာ အရင်နှစ်တွေကထက် ပိုများလာတယ်လို့လည်း ICA တာဝန်ရှိသူက ပြောပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့မှာလည်း မြို့နေလူဦးရေ ၃ သောင်းခွဲနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
မင်းတပ်မြို့ခံတွေဟာ မြို့သိမ်းတိုက်ပွဲ မစတင်ခင်ကတည်းက နီးစပ်ရာကျေးရွာတွေ၊ မီဇိုရမ်ပြည်နယ်နဲ့ မကွေးတိုင်း ယောဒေသတွေဘက်ကို ထွက်ပြေးခဲ့ရတာပါ။
မြို့ကိုသိမ်းပိုက်လိုက်နိုင်ပေမဲ့ မြေမြှုပ်မိုင်းအန္တရာယ်၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်၊ တိုက်ပွဲအတွင်း လျှပ်စစ်မီးနဲ့ သောက်သုံးရေရရှိတဲ့ အရင်းအမြစ်တွေ ပျက်စီးခဲ့တဲ့အတွက် မြို့ခံတွေ နေရပ်ပြန်နေနိုင်ရေး အခက်အခဲတွေ ရှိတယ်လို့ မင်းတပ်စစ်ဘေးရှောင်တာဝန်ခံ ကိုလောရင့်က ပြောပါတယ်။
“စစ်ရှောင်တွေကတော့ မင်းတပ်မြို့ထဲကို ပြန်ခွင့်မရကြသေးဘူး၊ မြို့ပေါ်မှာတော့ မိုင်းရှင်းလင်းရေးလုပ်ငန်း ဆက်လက်ပြီး လုပ်ဆောင်နေကြဆဲဖြစ်တယ်။ ကျနော့်ရဲ့ ပါဆင်နယ်အမြင်အရကတော့ မင်းတပ်မြို့ထဲ အရင်လို ပြန်နေထိုင်ဖို့တော့ မလွယ်ဘူးပေါ့။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုကြောက်တာကတမျိုး၊ လျှပ်စစ်မီးနဲ့ သောက်သုံးဖို့ရေမရှိတော့ဘူး၊ ၂ ဖက်တိုက်ပွဲဖြစ်တဲ့အချိန်မှာ ရေပိုက်လိုင်းတွေ ဖျက်ဆီးလိုက်ကြတာပေါ့နော်။ စစ်ဘေးရှောင်တွေအတွက် အကူအညီပေးနေတဲ့ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းကတော့ တဖြည်းဖြည်းနည်းလာတယ်။”
ချင်းပြည်နယ်မှာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်သူ ၁,၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့လည်း ဆိုထားပါတယ်။ မြို့ပေါင်း ၂၀ ရှိတဲ့ ချင်းပြည်နယ်မှာ မြို့ ၁၅ မြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပါတယ်။
သီရိ











