အမေရိကန်ရဲ့ “စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု” ဟာ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံအသီးသီးရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက်ဒ် အာဘက်စ် အာရက်ချီက ဩဂုတ် ၂၀ ရက်မှာ ပြောပါတယ်။
အီရန်ကို ထောက်ပံ့နေတဲ့ ဘယ်နိုင်ငံမဆို အထိနာသွားစေမဲ့ “သမိုင်းမှာ အပြင်းထန်ဆုံး စီးပွားရေး စစ်ဆင်ရေး” လုပ်ဆောင်တော့မဲ့ စီးပွားရေးဆိုင်ရာ D-Day ပွဲကြီးပါပဲလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ Truth Social မှာ မနေ့က ကြေညာခဲ့ပြီးနောက် အာရက်ချီက တုံ့ပြန်လိုက်တာပါ။
ထရမ့်ပ် ပြောတဲ့ “စီးပွားရေးဆိုင်ရာ D-Day” ဆိုတာဟာ ဝါရှင်တန်ရဲ့ စံချိန်မမီအောင် များပြားနေတဲ့ ကြွေးမြီတွေနဲ့ အတိုးနှုန်းစရိတ် မြင့်တက်နေတဲ့ ပြဿနာတွေကို လမ်းလွှဲဖို့ ကြိုးစားတာပဲလို့ အာရက်ချီက ပို့စ်မှာ ရေးထားပါတယ်။
ဇွန် ၁၈ ရက်က အီရန်နဲ့ အမေရိကန်တို့ဟာ ဒေသတွင်းစစ်ပွဲတွေကို ရပ်တန့်ဖို့ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီ MoU အရ အပြီးသတ် သဘောတူညီချက်ရဖို့ ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေးပွဲတွေ ပြုလုပ်ရမှာဖြစ်ပြီး အဲဒီသတ်မှတ်ရက်ဟာ တနင်္လာနေ့မှာ ပြည့်သွားခဲ့ပါပြီ။
ဒါပေမဲ့ ပြီးခဲ့တဲ့လက နှစ်နိုင်ငံကြား တင်းမာမှုတွေ ပြန်မြင့်တက်လာခဲ့တာကြောင့် ဆွေးနွေးပွဲရဲ့ အလားအလာဟာ မရေမရာ ဖြစ်နေဆဲပါ။
အမေရိကန်က အီရန်အပေါ် တဖက်သတ် စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ရေကြောင်းပိတ်ဆို့မှုတွေ လုပ်ထားပြီးသားဖြစ်ပြီး စစ်ရေးနည်းနဲ့ တိုက်ခိုက်တာ မအောင်မြင်ခဲ့တာကြောင့် နောက်ထပ် ကျရှုံးမှုကို “စီးပွားရေးစစ်ပွဲ” လို့ အမည်တပ်ပြီးတော့ အရင်ကျရှုံးမှုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလို့ အီရန် ဥပဒေနဲ့ နိုင်ငံတကာရေးရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇင် ဂါရီ ဘာဘာဒီက ဆိုရှယ်မီဒီယာမှာ ဩဂုတ် ၂၀ ရက်က ရေးထားပါတယ်။
အမေရိကန်က အီရန်ကို “ပြိုလဲခါနီးဖြစ်နေပြီ” လို့ ပြောနေပေမဲ့ အမှန်တကယ်တော့ သူတို့ရဲ့ မဟာမိတ်တွေဆီကနေ အကူအညီ လိုက်တောင်းနေရတာလို့လည်း ဂါရီ ဘာဘာဒီက ပြောပါတယ်။
တဖက်မှာလည်း အမေရိကန်နဲ့ စစ်ပွဲအသစ်သာ ထပ်ဖြစ်လာရင် ပိုမို “ဖျက်အားပြင်းတဲ့” လက်နက်တွေကို သုံးသွားမယ်လို့ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ ဒီနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းတွေမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ၁၂ ရက်ကြာနဲ့ ရက် ၄၀ ကြာ စစ်ပွဲတွေ ကြုံခဲ့ရပြီးနောက်ပိုင်း အီရန်ဟာ စစ်ရေးစွမ်းရည်တွေကို ပိုမိုတိုးမြှင့်ထားတယ်လို့ IRGC ပြောရေးဆိုခွင့်ရှိသူ ဟိုစိန် မိုဟက်ဘီက အီရန်ရဲ့ Defa Press သတင်းအေဂျင်စီနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အီရန်ဟာ လက်နက်ထုတ်လုပ်မှုကို ဘယ်တုန်းကမှ မရပ်တန့်ခဲ့သလို IRGC ရဲ့ ဒုံးကျည်အသစ်တွေမှာ သုံးထားတဲ့ ထိပ်ဖူးတွေရဲ့ ဖျက်အားဟာ အရင်စစ်ပွဲတွေမှာ သုံးခဲ့တာတွေထက် အများကြီး ပိုပြင်းထန်တယ်လို့လည်း ဆိုပါတယ်။
Source: Reuters











