
တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်မြို့မှာ ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာရီဝန်းကျင်က မူးယစ်အရာရှိတယောက် ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “မူးယစ်အရာရှိလို့ ပြောတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ မူဆယ် စွမ်စော်က ပလောင်အိမ်မှာ အရက်လာသောက်နေချိန် ပစ်သတ်ခံရတာ။ ကျနော့်သူငယ်ချင်းအိမ်နဲ့ ၅ အိမ်လောက်ပဲခြားတဲ့ အိမ်မှာ ဖြစ်သွားတာ” လို့ ပြောပါတယ်။
စွမ်စော် ၁ လမ်းက နေအိမ်တအိမ်မှာ ပစ်သတ်ခံရတာဖြစ်ပြီး သေဆုံးသွားသူကို အရှည်ကြီးလို့လည်း သိကြတယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသမီးကြီးတယောက်က “တရုတ် (စီးပွားရေးသမား) တွေဖြစ်မယ်။ သူတို့ လွတ်လွတ်လပ်လပ် လုပ်စားလို့မရ၊ ငွေတောင်းစားလို့ မရလို့ သတ်ပစ်တာထင်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေက အဲလိုမျိုး လူတွေကို ဘယ်သူမှ မလုပ်ချင်ဘူး” လို့ ပြောပါတယ်။
မူဆယ်မှာတော့ ဘယ်သူမဆို လုံခြုံမှုမရှိတော့တောကြောင့် နေချင်စရာ မကောင်းတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့ပေါ်မှာ စစ်ကောင်စီ၊ ပြည်သူ့စစ်အဖွဲ့ ၂၀ ထက်မနည်းရှိပြီး လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တဲ့ ပြန်ပေးဆွဲ၊ ဓားပြဂိုဏ်းတွေပါ လက်နက်ကိုင် အုပ်စုဖွဲ့ သောင်းကျန်းနေကာ မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိပါတယ်။
မူဆယ်မြို့ပြင်ပတ်လည်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KIA, AA, PDF, SSPP/SSA, TNLA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ထားတာ ဖြစ်ပါတယ်။