DVB Logo
Home
နိုင်ငံတကာ
ပါလက်စတိုင်းလူမျိုးများ ရွှေ့ပြောင်းရန် ထရမ့်ပ် အကြံပြုချက် အာရပ် ၅ နိုင်ငံ ပယ်ချ
DVB
·
February 4, 2025
ပါလက်စတိုင်းလူမျိုးများ ရွှေ့ပြောင်းရန် ထရမ့်ပ် အကြံပြုချက် အာရပ် ၅ နိုင်ငံ ပယ်ချ
Donate to DVB

ဂါဇာကမ်းမြောင်ဒေသထဲက ပါလက်စတိုင်းလူမျိုးတွေကို အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံတွေဆီ ရွှေ့ပြောင်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အကြံပြုချက်ကို အာရပ် ၅ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ စနေနေ့မှာ ပယ်ချခဲ့ပါတယ်။

အီဂျစ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ ကာတာနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပါလက်စတိုင်းအာဏာပိုင်တွေနဲ့ အာရပ်အဖွဲ့ချုပ်က အတွင်းရေးမှူးချုပ်တို့နဲ့ စနေနေ့က အီဂျစ်မြို့တော် ကိုင်ရိုမှာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။

ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ ဝန်ကြီးတွေက နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုခဲ့ပါတယ်။

ပြန်လည်တည်ဆောက်ရေး အစီအစဉ်မှန်သမျှမှာ ပါလက်စတိုင်းတို့ သူတို့ရဲ့မြေပေါ်မှာ ရှိနေတာ သေချာစေရမယ်လို့လည်း သူတို့က အလေးပေး ပြောကြားခဲ့ပါတယ်။

ကိုင်ရိုအစည်းအဝေးအတွင်း နောက်ဆုံးထုတ်ပြန်ချက်ထဲမှာ အမေရိကန်ကို မဖော်ပြထားပေမဲ့ ဂါဇာက ပါလက်စတိုင်းတွေ လွှဲပြောင်းပေးတာကို အီဂျစ်နဲ့ ဂျော်ဒန်တို့က လက်ခံဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အကြံပြုချက်ကို ရှင်းရှင်းလင်းလင်း တုံ့ပြန်တာလည်း ဖြစ်ပါတယ်။

“ပါလက်စတိုင်းတွေကို ပြန်လည်နေရာချထားရေး ငြင်းပယ်ချက်ကို အီဂျစ်-ဂျော်ဒန် ရပ်တည်ချက်ကနေ အာရပ် ပူးတွဲရပ်တည်ချက်အဖြစ် သတ်မှတ်ရင်း နေရာချထားရေးကို ဆွေးနွေးပွဲက ငြင်းဆိုလိုက်ပါတယ်။ ဒီပြဿနာနဲ့ သက်ဆိုင်သူတိုင်းကို အရေးကြီးတဲ့ သဝဏ်လွှာတခု ပေးပို့လိုက်ပါတယ်။ ဒီပြဿနာကို ငြိမ်းချမ်းရေးကတဆင့် ဖြေရှင်းဖို့ တခုတည်းသော နည်းလမ်းက ပြတ်သားတဲ့ တုံ့ပြန်မှုပဲ ဖြစ်ပါတယ်။ ထရမ့်ပ်နဲ့ သူ့ရဲ့အကူအညီကို ဖိအားအဖြစ်သုံးဖို့ ရည်ညွှန်းပါတယ်” လို့ အီဂျစ်အခြေစိုက် ရို့စ်အယ်လ် ယူဆစ်ဖ် မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် အိုင်မန် အဘ်ဒယ်မာဂျိဒ်က ပြောပါတယ်။

ပါလက်စတိုင်းတွေကို အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်ဖို့ တောင်းဆိုတာတွေဟာ သိမ်းပိုက်ခံ နယ်မြေတွေမှာ အကြမ်းဖက်မှုတွေ တကျော့ပြန် ဖြစ်လာစေနိုင်တယ်လို့ ကာတာဝန်ကြီးချုပ်က သတိပေးခဲ့ပါတယ်။

အီဂျစ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့က သူတို့ရဲ့ မဟာမိတ်တွေဟာ အစ္စရေးတို့ရဲ့ မြို့ရွာတွေ တည်ဆောက်ရေး၊ နယ်မြေပိုမိုသိမ်းပိုက်ခြင်း၊ ပါလက်စတိုင်းတွေကို ဘယ်လိုဒေသကမဆို နှင်ထုတ်ခြင်း ဒါမှမဟုတ် သူတို့နေအိမ်တွေကို ဖြိုချခြင်း အပါအဝင် သူတို့ရဲ့ မြေရာအပေါ်မှာ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးကို ထိခိုက်အောင် ကြိုးပမ်းမှုမှန်သမျှကို တညီတညွတ်တည်း ပယ်ချခဲ့ပါတယ်။

အာရပ်အစည်းအဝေးအပြီး သမ္မတ ထရမ့်ပ်နဲ့ သမ္မတ အယ်လ်စီစီတို့ရဲ့ ဖုန်းခေါ်ဆိုမှုအပြီးမှာ အီဂျစ်နဲ့ အမေရိကန်က ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ ဆန္ဒရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။

ပါလက်စတိုင်းတွေကို အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်မှုကို အယ်လ်စီစီက ပယ်ချခဲ့ပြီး နောက်မှာတော့ ရာဖာမြို့မှာ လူထုစုဝေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

နှစ်နိုင်ငံဖြေရှင်းရေးဟာ ငြိမ်းချမ်းရေးအတွက် တခုတည်းသောလမ်းကြောင်း ဖြစ်တယ်လို့ ပြောရင်း ဝန်ကြီးတွေက သူတို့ရပ်တည်ချက်ကို ထပ်အတည်ပြုခဲ့ပါတယ်။

ဂါဇာကို ပြန်လည်တည်ဆောက်ရေး နိုင်ငံတကာဖိုရမ် ပူးတွဲကျင်းပမယ့် အီဂျစ်ရဲ့ အစီအစဉ်ကိုလည်း ကြိုဆိုခဲ့ကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013