
ဧရာဝတီတိုင်းမှာ စစ်ရေးအခြေအနေ တင်းမာလာတာနဲ့အတူ စစ်ကောင်စီက ပုသိမ်မြို့တွင်းမှာ စစ်ရေးပြင်ဆင်မှုတွေ လုပ်လာပြီး ပုသိမ်အကျဉ်းထောင်ကိုပါ တင်းကျပ်စစ်ဆေးမှုတွေ လုပ်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ထောင်အာဏာပိုင်တွေက ထောင်တွင်းနေထိုင်သူတွေရဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ပေးတာ မရှိတဲ့အပြင် အခန်းအတွင်း မီးလုံးဝယ်ယူတာကစလို့ ထောင်သားတွေဆီက ငွေကြေးကောက်ခံမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျန်းမာရေးအတွက် ဆေးဝါးပေးပို့မှုတွေနဲ့ စာအုပ်ပေးပို့တာတွေကို လုံးဝ ကန့်သတ်လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
ထောင်ဝင်စာပါဆယ် ပေးပို့ရာမှာလည်း ဟင်း ၃ မျိုးနဲ့ ကော်ဖီထုပ် ၇ ထုပ်သာ ပေးပို့လို့ ရတော့တာကြောင့် မလောက်ငမှုတွေ ဖြစ်နေပြီး နိုင်ငံရေးအကျဥ်းသားတွေဟာ ထောင်ဈေးဘားမှာ မတန်တဆဈေးတွေနဲ့ ဝယ်စားနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထောင်ရေချိုးကန်မှာလည်း ခဲဓာတ်ပါတဲ့ရေတွေကြေင့် သက်ကြီးပိုင်း နိုင်ငံရေးအကျဉ်းသားတွေ လမ်းမလျှောက်နိုင်တဲ့ ပြဿနာတွေဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုခက်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စုံစမ်းသိရတာတွေကို ထုတ်ပြန်ထားပါတယ်။










