
တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ KIA နဲ့ TNLA တို့အကြား ဖြစ်ပွားခဲ့တဲ့ နယ်မြေပြဿနာမျိုး ထပ်မံမဖြစ်ပွားဖို့အတွက် အောက်ခြေတပ်မှူးတွေအနေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ TNLA က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အကြား နယ်မြေဆိုင်ရာ အငြင်းပွားပြီး အောက်ခြေတပ်ဖွဲ့ဝင်တွေအချင်းချင်း ပဋိပက္ခဖြစ်ပွားခဲ့တာပါ။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး မဟာမိတ်အချင်းချင်း ညှိနှိုင်းဆောင်ရွက်ကာ နောက်တခါ အဲဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင်လည်း အကျယ်တဝံ့မဖြစ်ဖို့ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် မြေပြင်တပ်မှူးတွေကို ညွှန်ကြားထားတယ်လို့ TNLA သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ဒီကိစ္စကို နှစ်ဖက်လူကြီးတွေ စကားပြောပြီး ညှိနှိုင်းဆောင်ရွက်ဖို့ ပြောထားပြီးသားပါ။ အခု တဖက်နဲ့တဖက် နယ်မြေပြဿနာမဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နေကြပါတယ်။ နောက်တခါ ဖြစ်လာတာမျိုး ဆိုရင်လည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ ညှိနှိုင်းကြဖို့ ပြောထားတာ ရှိပါတယ်။”
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အပါအဝင် ဒေသတချို့မှာ KIA နဲ့ TNLA တပ်ဖွဲ့တွေအကြား ပြဿနာတွေ မကြာခဏ ဖြစ်ပွားခဲ့ရာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က နမ့်ဖတ်ကာမှာ TNLA နဲ့ KIA တပ်ဖွဲ့တို့ နယ်မြေအငြင်းပွားပြီး အပြန်အလှန် ပစ်ခတ်တာမျိုးမရှိဘဲ တယောက်ချင်း လက်ဝှေ့ထိုးတဲ့ ရုပ်သံဖိုင်တခု ပျံ့နှံ့လာခဲ့ပြီးနောက် ဆွေးနွေးညှိနှိုင်းဖို့အတွက် နှစ်ဖက်အဖွဲ့တွေက ညွှန်ကြားထားတာ ဖြစ်ပါတယ်။
KIA နဲ့ TNLA ဆိုတာ မဟာမိတ်တွေဖြစ်တာနဲ့အညီ နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲဖြစ်စရာ မရှိသလို ပွတ်တိုက်မှုတွေကိုလည်း နိုင်ငံရေးအရ စကားဝိုင်းတွေနဲ့သာ ညှိနှိုင်းဖြေရှင်းကြမှာ ဖြစ်ပြီး စစ်အာဏာရှင်ကိုသာ အဓိက တိုက်ထုတ်မှာဖြစ်တယ်လို့ TNLA ရဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
KIA နဲ့ TNLA) တို့ဟာ ၂၀၂၃ ခုနှစ် မေလက မိုင်ဂျာယန်မြို့မှာ တွေ့ဆုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့အထိ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားကြပါတယ်။