DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့လေထုညစ်ညမ်းမှုအဆိုးဆုံး အဆင့် ၂ နေရာရောက်လာသည့် ရန်ကုန်မြို့ 
DVB
·
February 4, 2025
ကမ္ဘာ့လေထုညစ်ညမ်းမှုအဆိုးဆုံး အဆင့် ၂ နေရာရောက်လာသည့် ရန်ကုန်မြို့ 
Donate to DVB

ရန်ကုန်မြို့ဟာ ဖေဖော်ဝါရီ  ၃ ရက်က ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံး မြို့အဆင့် ၂ ကို ရောက်ရှိသွားပါတယ်။

မနေ့က မနက် ၈ နာရီက ရန်ကုန်ရဲ့ လေထုအရည်သွေး AQI အညွှန်းကိန်းမှာ ၂၂၆ အထိရောက်ရှိသွားပြီး ၂၀၂၅ ခုနှစ်အတွက် အဆိုးရွားဆုံး လေထုအညစ်ညမ်းဆုံးနေ့အဖြစ် မှတ်တမ်းဝင်သွားတာ ဖြစ်ပါတယ်။

ဒါဟာ လူထုကျန်းမာရေးအတွက် အန္တရာယ်ရှိအဆင့်ကို ရောက်ရှိသွားတာဖြစ်တယ်လို့ Environment, Health and Safety Myanmar - EHS Myanmar အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

လေထုထဲမှာ ကာဗွန်မိုနောက်ဆိုဒ်၊ အိုဇုန်း၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နဲ့ ဆာလဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ များပြားရာကနေ လေထုညစ်ညမ်းမှုကို ဆိုးရွားစေပြီး လူတွေရဲ့ ပျမ်းမျှ မျှော်မှန်းသက်တမ်းဟာလည်း ၂ နှစ်လောက် တိုတောင်းလာမှာ ဖြစ်ပါတယ်။

လူထုအန္တရာယ်ရှိတဲ့ အခြေအနေဖြစ်လာတဲ့ လေထုညစ်ညမ်းမှုဖြစ်လာတာဟာ ရှောင်လွှဲလို့မရတဲ့ အခြေနေတခု ဖြစ်တာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်လာစေမယ်လို့ ဆရာဝန်တွေက အသိပေးထားပါတယ်။

ညစ်ညမ်းမှုအပြင် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မီးစက်တွေမောင်းရာက ထွက်လာတဲ့ မီးခိုးငွေ့တွေကို ရှောင်ရှားဖို့၊ သစ်ပင်များများစိုက်ပျိုးဖို့ မြို့နယ်ဆရာဝန်တယောက်က အကြံပြုထားပါတယ်။

“အဆုတ်လမ်းကြောင်းကို ထိခိုက်တာပေါ့။ အသက်ရှူ မဝဘူး။ အောက်ဆီဂျင် မပြည့်တော့ဘူးပေါ့။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များနေတာ။ သူတို့ မီးစက်တွေဖွင့်ရင် အဲဒီနားကို မသွားနဲ့။ အဆုတ်ပေါ့၊ COAT ဆိုတာ ဆေးလိပ်သောက်တဲ့လူတွေ အဆုတ်တွေပွပြီးတော့ အဆုတ်ထိခိုက်ပြီးတော့ အသက်ရှူကျပ်တာပေါ့။ တတ်နိုင်ရင် အောက်ဆီဂျင်အိုးငှားပြီး ရှူနေလိုက်။ သစ်ပင်သာ များများစိုက်ပေး။ အဓိက နားလည်ဖို့လိုတယ်။ မီးစက်တွေ ဖွင့်ထားရင် အဲဒီနားကို ရှောင်နေလိုက်။ သူကတော့ ဖွင့်မှာပဲ။ ကိုယ်က သွားမပြောနဲ့။ မဖွင့်နဲ့လို့ ပြောလို့မရဘူး။ လေထုညစ်ညမ်းနေတာ။ ကမ္ဘာနဲ့ချီပြီး ဖြစ်နေတာ။ ထွက်ပြေးလို့လည်း မရဘူး။”

အခုလို လေထုညစ်ညမ်းမှုတွေက မိုးကျချိန်အထိ ဆက်ရှိနိုင်ပြီး မိုးရွာချိန်ကျမှသာ လေထုထဲက အမှုန်အမွှားတွေ မိုးရေထဲပါသွားပြီး ပြန်လည်ကြည်လင်လာနိုင်တယ်လို့ ပြင်ပမိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သုံးသပ် ပြောဆိုထားပါတယ်။

“ဆောင်းရာသီအကူး နွေရာသီအဝင်ပေါ့နော်၊ အဲဒီမှာ လေထုအလွှာတွေ အကုန်လုံးက အေးလာတယ်။ အေးလာပြီးတော့ ဒီလေထဲမှာ ခိုနေတဲ့ pm 2.5 တို့ pm 10 တို့ အမှုန်အမွှားလေးတွေက အောက်မှာ ခိုနေတယ်ပေါ့နော်။ ကားတွေကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ၊ ကာဗွန်မိုနိုအောက်ဆိုဒ်တွေ အဲဒီဟာတွေကလည်း အကုန်လုံးက လေထဲကို ချက်ချင်းတက်မသွားဘူးပေါ့။ လေထုက အေးတော့ အပေါ်ကို တက်တဲ့လေကလည်း လေစီးကြောင်းကလည်း အားနည်းတယ်။ သူက နေပူလာတော့မှ လေက ပိုပွပြီးတော့ အပေါ်ကို တက်တာကိုး။ အဲဒီတော့ အဲဒီလေထုမတက်လို့လည်း ဒါဖြစ်တာပေါ့။ အဲဒီတော့ အထူးသဖြင့်တော့ ဆောင်းရာသီ အေးတဲ့အချိန်တွေမှာ ဒါဖြစ်တာပါ ခင်ဗျ။”

မနေ့က ရန်ကုန်မြို့ရဲ့ ကောင်းကင်ယံဟာ အညိုရောင်မှုန်မှိုင်းနေပြီး ဒီအခြေအနေကို အတော်များများက သတိပြုမိကြတာတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ကမာရွတ်မြို့နယ်အတွင်း သွားလာနေသူတယောက်က “လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပေါ့နော်၊ ပထမတုန်းကတော့ မြူတွေဆိုင်းနေတာမျိုးလို့ ထင်တာပေါ့နော်။ သတင်းတွေဖတ်ရတော့ သတင်းထဲမှာပါတာ လေထုညစ်ညမ်းမှု ဆိုးရွားနေပြီပေါ့နော်။ ကိုယ်လည်း အဲဒီသတင်းကို စောင့်ကြည့်တဲ့အခါကျတော့ အဲဒါမျိုး စောင့်ကြည့်တော့ သေချာတဲ့အနေထားကို တွေ့ရတာပေါ့နော်။ လေထုညစ်ညမ်းတာကို တွေ့ရတာပေါ့။ ဘာတွေခံစားရလဲဆိုရင် ကိုယ်တွေ တိုက်ရိုက်ခံစားနေရတယ်လို့တော့ မမြင်ရသေးဘူး။ အမြင်ကတော့ မှုန်မှုန်မှိုင်းမှိုင်း ရှိနေတာကို မြင်ရတယ်။ အဲဒါမျိုးတော့ မြင်ရတယ်ပေါ့နော်” လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်း လေထုညစ်ညမ်းမှုအများဆုံးမြို့နယ်တွေကတော့ ဗဟန်း၊ ဒဂုံနဲ့ ကမာရွတ်မြို့နယ်တွေဖြစ်ပြီး အသက်ရှူကြပ်တာ၊ ချောင်းဆိုးတာစတဲ့ ဝေဒနာတွေကို လမ်းဘေးဈေးရောင်းချသူတွေနဲ့ အပြင်ထွက်သွားလာသူတွေမှာ ခံစားလာရတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တွင်း သွားလာကြသူတချို့က Mask တပ်ဆင်ထားကြပေမဲ့ အများစုမှာ တပ်ဆင်ထားခြင်း မရှိတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013