DVB Logo
Home
မြန်မာသတင်း
တမူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် သေဆုံး
DVB
·
February 3, 2025
တမူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် သေဆုံး
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးနယ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ၃ ယောက် သေဆုံးခဲ့ပါတယ်။

တမူးမြို့အဝင်အထွက်တွေမှာရှိတဲ့ ပျူစောထီးရွာအခြေစိုက် စစ်ကောင်စီစခန်းတွေကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဇန်နဝါရီလကုန်ပိုင်းမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

ကျွန်းပင်သာ၊ မင်းသာအရပ်က စစ်ကောင်စီစခန်းတွေကို ဇန်နဝါရီ ၂၇ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ပန်းသာအရပ်က စခန်းတွေကိုတော့ ဇန်နဝါရီ ၃၀ ရက်မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

စုစုပေါင်းတိုက်ပွဲချိန် ၇ ရက်ကျော် ကြာမြင့်လာချိန်မှာ စစ်ကောင်စီဘက်က တပ်စိတ်တခုစာဝန်းကျင် တပ်သားတွေ သေဆုံးခဲ့ပြီး PDF တွေဘက်က သေဆုံးသူ ၃ ယောက် ရှိလာတာပါ။

တမူးတိုက်နယ်ပကဖ ဒုတာဝန်ခံ ဦးကပ်က “ကျနော်တို့ဘက်က ဒဏ်ရာရရဲဘော်တွေတော့ အနည်းအကျဉ်းရှိတယ်။ လေယာဉ်ချလို့ ကျဆုံးရဲဘော်က မနေ့က ၂ ယောက်၊ ဟိုတနေ့က လက်နက်ကြီးနဲ့က တယောက်၊  စစ် (---) ဘက်ကတော့ တပ်စိတ်တစိတ်စာလောက် ပြုတ်သွားတာပေါ့။ ပန်းသာမှာကျတော့ သူတို့ဘက်က အလင်းဝင်တာတော့ မရှိသေးဘူး။ မနေ့ကတော့ သူတို့ ပန်းသာထဲမှာတော့ ပျူ ၄ ယောက် အရှင်ဖမ်းမိတယ်။ သူတို့မိသားစုကိုကျတော့ ကျနော်တို့ ထိန်းသိမ်းထားတယ်။ တမူးဘက်ကျတော့ စစ် (--) ဘက်က ရှမ်းနီရယ်၊ နာဂရယ်၊ ကသည်း၊ ပျူစောထီး၊ ပြီးတော့ စစ်တပ်-စကစ ပေါ့နော်၊ နာဂကလည်း သူတို့က ၂ ဖွဲ့ကွဲနေတယ်၊ တဖွဲ့က စကစနဲ့ပေါင်းနေတာ၊ SNA-ရှမ်းနီကလည်း ၂ ဖွဲ့ကွဲနေတာ၊ အခုက တဖွဲ့က စကစနဲ့ ပေါင်းနေတာကိုး၊ တဖွဲ့ကြတော့ စကစဘက်လည်း မပါဘူး၊ ကိုယ့်ဘက်လည်း မပါဘူး၊ သူ့ဘာသာ အေးရာအေးကြောင်းနေတာ၊ ပြီးရင် ကျနော်တို့ ပန်းသာကို စစ်ဆင်ရေးစနေတာ ဒီနေ့နဲ့ဆို ၃ ရက်မြောက်ရှိပြီ။ အဲဒီမှာ သူတို့ဘက်က နည်းနည်း အခြေအနေမဟန်တော့ လေယာဉ်စသုံးတယ် မနေ့ညက။ တမူးအထက်ပိုင်း မင်းသာကတော့ လေယာဉ်အသကုန်သုံးတာ သူတို့က။ တရက်တည်းနဲ့ကို ၃-၄ ကြိမ်လောက် ၃ စီး ၃ စီး ချသွားတာ။ အော်ရီဒူးရော MPT ရော ကျနော်တို့ဘက်က အကုန်လုံးပိတ်ထားတာ။ ဖြတ်ထားတာပေါ့နော်၊ စစ်ဆင်ရေးကာလကို” လို့ ပြောပါတယ်။

ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက တမူးမြို့ကို သိမ်းယူနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တာဖြစ်ပြီး ကျွန်းပင်သာ၊ မင်းသာ၊ ပန်းသာနဲ့ ဟဲဇင်းအခြေစိုက် စစ်ကောင်စီစခန်းတွေကို သိမ်းယူနိုင်မှ တမူးမြို့ကို အပြီးသတ် သိမ်းယူနိုင်မှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ပိုကျယ်ပြန့်လာသလို နယ်မြေချင်းထိစပ်နေတဲ့ မန္တလေးတိုင်းမှာလည်း ထိတွေ့မှုတွေ နေ့စဉ်ဖြစ်ပွားနေတာပါ။

မြင်းခြံခရိုင်မှာ မြင်းခြံမြို့ကို သိမ်းယူဖို့အထိ PDF တွေက ဦးတည်နေပြီး အခြေအနေကောင်းတွေ ရှိနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်း-၇ မှ ဗိုလ်ဇီးရိုးက “မန္တလေးတိုင်းထဲ ကျနော်တို့လို မြေပြန့်ဒေသတွေတောင်မှ တော်တော်စိုးမိုးမှုရနေပြီ။ တော်လှန်ရေးက တော်တော်ခရီးပေါက်နေပြီ။ စည်းလုံးကြမယ်ဆိုရင် ဒီတော်လှန်ရေးက မကြာဘူး။ ဖိဖိစီးစီးလေးနဲ့သာ ထောက်ပံ့မှုအားကောင်းကောင်း၊ ကွပ်ကဲမှုအားကောင်းကောင်း လုပ်လိုက်ရင် ဒီထောက်တိုင်ကြီး ပြုတ်တော့မှာပါ။ နယ်မြေဧရိယာအရ ပြောရရင် တော်လှန်ရေးအခြေပြု စစ်ကိုင်းက အင်မတန်ကျယ်ပြန့်လာပြီ၊ အဲဒီအပြင် မန္တလေးတိုင်းကိုပါ ကူးစက်လာပြီ ဒါတွေက၊ အခု မကွေးတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီ။ ပဲခူးတိုင်းလည်း ဖြစ်လာပြီ။ စနစ်တကျလေး ထပ်မံပူးပေါင်း ဆောင်ရွက်မယ် ဆိုရင်တော့ ထင်ထားသလိုမဟုတ်ဘဲ အချိန်တိုအတွင်းမှာ ပြောင်းလဲသွားမယ့် တော်လှန်ရေးတခုပါဗျ။ ဒီကောင်တွေ နေဝင်ချိန်က မဝေးတော့ပါဘူး။ မှားနေတဲ့အကွက်တွေကို ကျနော် ထောက်ပြမယ်။ ကျနော် မှားရင်လည်း ထောက်ပြ၊ ကျနော်ကိုယ်တိုင်လည်း ပြုပြင်မယ်၊ မပြောရဲဘူး မဆိုရဲဘူးဆိုပြီး နှုတ်ပိတ်နေရင်လည်း ကျနော်တို့ဘက်က မရဘူးဗျ။ လိုချင်တာကို ရယူချင်လို့ရှိရင် ပြုပြင်ရမယ်၊ အောက်ခြေကနေ အထက်အထိ ပြုပြင်သွားမယ်ဆိုရင် ပြီးခဲ့တဲ့အမှားတွေကို သင်ခန်းစာယူ၊ ဘယ်လိုကောင်းအောင် ပြုပြင်ဆောင်ရွက်ရမယ်ဆိုတာ တမျိုး၊ နောက်တခါ ကောင်းသထက်ကောင်းအောင် ဆောင်ရွက်တာမျိုးတွေ ဖြစ်လာမယ်ဆိုရင် အကောင်းဆုံးတွေ ကျနော်တို့က ပိုင်ဆိုင်သွားမှာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့မှာ အခြေချထားတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) ဟာ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ချင်းပြည်နယ်တွေကို ထိန်းချုပ်ရာမှာ ဗဟိုချက်ဖြစ်တာကြောင့် ကာကွယ်ရေးအဖွဲ့တွေက မန္တလေးကို ဦးတည်နေကြတာပါ။

တမူးလို အစွန်အဖျားမှာရှိတဲ့ မြို့တွေကတော့ စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ဂိတ်တွေရှိတာကြောင့် ကာကွယ်ရေးအဖွဲ့တွေက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

၂၀၂၃ နိုဝင်ဘာ ၇ ရက်က စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ကို PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့ပြီး ၂၀၂၄ မေ ၁၂ ရက်မှာ တမူးမြို့နယ်၊ မြို့သစ်မြို့ကို ထပ်မံသိမ်းယူခဲ့တာပါ။

၂၀၂၅ ဇန်နဝါရီလကုန်ပိုင်းမှာတော့ ကလေး-တမူး-ခါမ်းပါတ်လမ်း တလျှောက်လုံးကို ကာကွယ်ရေးအဖွဲ့တွေက အပြီးသတ်ထိန်းချုပ်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013