DVB Logo
Home
မြန်မာသတင်း
ကလေး-တမူး အာရှလမ်းမကြီး ပြန်ဖွင့်ရန် စစ်တပ်စီစဉ်၊ လမ်းပွင့်ပါက ဘာသက်ရောက်နိုင်မလဲ
မောရစ်
·
August 11, 2026
Photo : Myawady
Photo : Myawady
Donate to DVB

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ စစ်ကိုင်းတိုင်းထဲက ကလေး-တမူး အာရှလမ်းမကြီးကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်အပြီးမှာ နယ်စပ်လမ်းကြောင်း ပြန်ဖွင့်ဖို့ စီစဉ်နေပါတယ်။ 

ကလေး-တမူး လမ်းမကြီးတလျှောက်က ကျေးရွာတွေကို ပြီးခဲ့တဲ့လမှာ စစ်တပ်က စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးစစ်ဆင် ပြန်ထိန်းချုပ်ပြီးတဲ့နောက် ၄ နှစ်နီးပါး ပိတ်ထားရတဲ့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ဖို့ ပြင်ဆင်နေတာပါ။ 

လက်ရှိ ကလေး-တမူး လမ်းပိုင်းပေါ်က တိုက်ပွဲတွေအတွင်း ပျက်စီးခဲ့တဲ့ ခါမ်းပါတ်တံတား တွီဗန်တံတားနဲ့ နန်းမွန်းတား တံတားတွေကို ပြန်ပြင်နေပြီး ခါမ်းပါတ်မြို့မှာလည်း ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ မြို့အုပ်ချုပ်ရေးယန္တရားကို လည်ပတ်ဖို့ စစ်တပ်က ပြင်ဆင်နေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ကလေးမြို့ဒေသခံတယောက်က “ခါမ်းပါတ်မှာက ပြီးခဲ့တဲ့ ငါးရက်နေ့ကတည်းက ဌာနဆိုင်ရာကသူတွေ ပြန်လာကြပြီ။ ကားလမ်းကတော့ မပွင့်သေးပါဘူး။ ကလေးကနေ ကမ္မကြီးရွာအထိတော့ ကားနဲ့သွားရတယ် ကားခ ၃ သိန်းပေါက်တယ်။ ကမ္မကြီးရောက်ရင် ဆိုင်ကယ်နဲ့တဆင့် တမူးပြန်သွား အဲ့မှာတခါ ဆိုင်ကယ်ခက ၂ သိန်းခွဲ လောလောဆယ် အဲ့လို သွားနေကြတယ်။ နေ့ချင်းပြန် ကားနဲ့တော့ သွားလို့မရသေးဘူး။ ပြင်တဲ့အပိုင်းတွေ မပြီးသေးဘူးလို့ ကြားတယ်” လို့ ပြောပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂ ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယားအရဆိုရင် အာဏာမသိမ်းခင် လမ်းကြောင်းတွေ မပိတ်ခင် ကာလတုန်းက တမူးနဲ့ ရိဒ်ခေါ်ဒါရ် နယ်စပ်စခန်းတွေကနေတဆင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်မှုဟာ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကနေ သန်း ၁၅၀ အထက်အထိ ရှိခဲ့တာပါ။ 

အာဏာသိမ်းပြီးနောက်မှာတော့ ကလေး-တမူး လမ်းပိုင်းဟာ တိုက်ပွဲတွေကြောင့် လမ်းနဲ့ တံတားတွေ ပျက်စီးသွားခဲ့ရပြီး ကုန်စည်စီးဆင်းမှု ပိတ်ဆို့သွားခဲ့တာ ၄ နှစ်နီးပါးအထိ ကြာသွားခဲ့တာပါ။

ဒါကြောင့် အခုလို ကလေး-တမူး လမ်းမကြီးကို စစ်တပ်က နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့အတွက်ဆိုပြီး ခေါင်းစဉ်တပ်ထားပေမဲ့ ကုန်သွယ်ရေးအပြင် ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းထဲကို စစ်ရေးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေ ပါနေတယ်လို့ စစ်ရေးရင်းမြစ်က သုံးသပ်ပါတယ်။ 

“ချင်းက တီးတိန်၊ ဖလမ်း ဘက်ကို စစ်အင်အားနဲ့ ရိက္ခာ ထောက်ပံ့ဖို့အတွက် ဒီကောင်တွေ လေကြောင်းတခုတည်းကိုပဲ အားကိုးနေရတာ။ အခုလို လမ်းနဲ့ တံတားတွေကို ပြန်ပြင်တယ်ဆိုတာက မြေပြင်ကနေ သံချပ်ကာကားတွေ၊ တပ်မစစ်ကြောင်းတွေနဲ့ ရိက္ခာကြီးကြီးမားမား တိုက်ရိုက် မောင်းနှင်ထောက်ပံ့နိုင်သွားမယ်။ ဒုတိယချက်က ကလေး-တမူး လမ်းပိုင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေဆက်စပ်မှုကို အလယ်ကနေ ဖြတ်တောက်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။”

အိန္ဒိယနိုင်ငံ မိုရေးမြို့ကနေ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် နဲ့ ကရင်ပြည်နယ် တို့ကို ဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ချိတ်ထားတဲ့ သုံးနိုင်ငံ အဝေးပြေးလမ်း စီမံကိန်းကို အာဏာသိမ်း စစ်အာဏာရှင်သမ္မတ ရဲ့ အိန္ဒိယခရီးစဉ်အတွင်းမှာ ပြန်အကောင်အထည်ဖော်ဖို့ သဘောတူခဲတာဖြစ်ပါတယ်။

လက်ရှိ ထိုးစစ်တွေကြောင့် ကလေး-တမူးလမ်းပိုင်းက ကျေးရွာပေါင်း ၅၀ ကျော်က ဒေသခံသောင်းနဲ့ချီဟာ ဘေးလွတ်ရာကို ရှောင်နေရသလို တမူးဘက်က ဒေသခံတွေဟာလည်း အိန္ဒိယနယ်စပ်ဖက်ကို ထွက်ပြေးနေကြရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013