
စစ်ကိုင်းတိုင်း၊ တမူးခရိုင်ထဲမှာ တာဝန်ကျနေတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ဝင် တယောက် လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ တမူးခရိုင်၊ အမှတ် ၂ တပ်ရင်းဆီကို အလင်းဝင်ရောက်လာတယ်လို့ အဆိုပါတပ်ရင်းက ဇူလိုင် ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တမူးခရိုင်၊ မြို့သစ်မြို့နယ်၊ ကျွန်းပင်သာရွာမှာ တာဝန်ကျနေတဲ့ SNA တပ်မဟာ ၈၉၁၊ တပ်ရင်း ၃ က ရဲဘော် မိုးထက်အောင် (ခေါ်) မိုးထက်ဟာ ဇူလိုင် ၁၇ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာလို့ တမူးခရိုင်၊ အမှတ် ၂ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
SNA ရဲဘော် မိုးထက်အောင် (ခေါ်) မိုးထက်ဟာ AK47 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ 7.62 ကျည် ၂၀၁ တောင့်၊ G3 ကျည် ၁၂ တောင့်၊ ဖုန်း ၁ လုံး၊ ၁၄ မိုင်း ၁ လုံးနဲ့ လက်ပစ်ဗုံး ၁ လုံးတို့ ယူဆောင်လာတာကြောင့် ဆုကြေးငွေ ချီးမြှင့်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
တမူးခရိုင်၊ အမှတ် ၂ တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က “သူ့ကို လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ပြီး ၂၇ ရက်နေ့မှာ ဆုချီးမြှင့်တဲ့ အခမ်းအနား ပြုလုပ်ပေးပြီး ကျပ် သိန်း ၆၀ ချီးမြှင့်ပေးထားပါတယ်။ သူ့အနေနဲ့ ဘာဆက်လုပ်မလဲ ဆိုတာကတော့ သူ့ဆန္ဒအတိုင်းပါပဲ။ သူ့ဆန္ဒအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ” လို့ DVB ကို ပြောပါတယ်။
အလင်းဝင်ရောက်လာကြသူတွေရဲ့ အသက်အန္တရာယ်ကို တာဝန်ယူတာကြောင့် ထပ်မံအလင်းဝင်ရောက်လာသူတွေကိုလည်း အချိန်မရွေး ကြိုဆိုနေတယ်လို့ တမူးခရိုင်၊ အမှတ် ၂ တပ်ရင်းက ဖိတ်ခေါ်ထားပါတယ်။










