
ဟားမတ်စ်လက်က လွတ်မြောက်လာတဲ့ ဓားစာခံတွေက ဖမ်းဆီးခံထားရချိန်မှာ ဘယ်လို လူမဆန်၊ ရက်စက်တဲ့ အခြေအနေမျိုးနဲ့ ထိန်းသိမ်းခံခဲ့ရသလဲဆိုတာ ဖွင့်ချခဲ့ကြတယ်လို့ ဂျေရုစလင်ပို့စ် အစ္စရေးသတင်းစာက ဖော်ပြပါတယ်။
ဆိုးဆိုးရွားရွား အာဟာရပြတ်လပ်မှုနဲ့ ရင်ဆိုင်ခဲ့ရသလို စိတ်ပိုင်းအရ ညှဉ်းပန်းနှိပ်စက်မှုတွေ ကြုံခဲ့ရပြီး လှောင်ချိုင့်ထဲ အဓမ္မထည့်ထားတာမျိုးလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့စနေနေ့က လွတ်မြောက်လာတဲ့ ဓားစာခံတွေရဲ့ မိသားစုတွေက တဆင့် ဒီအကြောင်းတွေကို ပြန်သိရတာဖြစ်ပါတယ်။
လွတ်မြောက်လာတဲ့အထဲက တယောက်ဖြစ်တဲ့ ကိတ်ဆီးဂဲလ်ဟာ ကိုယ်အလေးချိန် တော်တော်ကျသွားပြီး ပိန်ညှောင်နေခဲ့တာကို ဗီဒီယိုဖိုင်တွေမှာ မြင်တွေ့ရပါတယ်။
အစာကို ပုံမှန်မကျွေးသလို တခါတလေ အငတ်ထားတယ်လို့ ဆီးဂဲလ်ရဲ့ မိသားစုက N12 သတင်းဌာနကို ပြန်ပြောပြပါတယ်။
တသက်လုံး သက်သတ်လွတ်စားခဲ့တဲ့ သူ့ကို အသားအတင်းကျွေးတယ်လို့လည်း ဆိုပါတယ်။ ရေဒီယိုသတင်းတွေအရ သူ့သား အသက်ရှင်တယ်ဆိုတာကို သိခဲ့ရတာလို့ ဆိုပါတယ်။
လွတ်လာတဲ့ ဓားစာခံတွေရဲ့ အပြောအရ တချို့တွေကို လှောင်ချိုင့်ထဲထည့်ပြီး ပိတ်ထားတာမျိုး လုပ်သလို တချို့တွေကိုလည်း အဓမ္မ ခိုင်းစေတာတွေ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီလို အထည့်ခံထားရတဲ့သူတွေကို တရက်တခါပဲ အပြင်ထုတ်ပေးပြီး အခြားထိန်းသိမ်းထားသူတွေနဲ့အတူ အစာစားခွင့်ပေးတယ်လို့ ဆိုပါတယ်။
ရိုးရာ ဂလာဘီယာ ဝတ်ရုံရှည်ကြီးတွေပဲ ဝတ်ခိုင်းပြီး ရေပေးမချိုးဘဲ ရေဆွတ်ထားတဲ့ အဝတ်နဲ့ ရေပတ်ပဲ ပေးတိုက်တယ်လို့ ဆိုပါတယ်။
ငတ်မွတ်မှုဒဏ်ကြောင့် ပေါင် ၃၀ ကျော်လောက်အထိ ဝိတ်ကျသွားသူများတယ်လို့လည်း ဆိုပါတယ်။
တချို့ဓားစာခံတွေဆိုရင် စိတ်ပိုင်းဆိုင်ရာပါ အခြေအနေမကောင်းလို့ စိတ်ငြိမ်ဆေးတွေ တိုက်တယ်လို့ ဆိုပါတယ်။
မလွှတ်ပေးခင် ရက်ပိုင်းမှာတော့ ဓားစာခံတွေကို အစာတိုးကျွေးပြီးတော့ ကျန်းကျန်မာမာရှိတဲ့ အသွင်ဖြစ်အောင် လုပ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးတဲ့သူတွေကို ကျေးဇူးတင်ကြောင်း၊ စာတွေလည်း အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိသားစုတွေကို သတင်းစကားပါးတဲ့ ဗီဒီယိုတွေလည်း ရိုက်ကူးလေ့ရှိတယ်လို့ ဆိုပါတယ်။
တခါတလေမှာ အသတ်ခံရတော့မလား၊ လွတ်မလားဆိုတာ မသိဘဲ နှုတ်ဆက်ဗီဒီယိုဖိုင် ရိုက်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
အစ္စရေးတပ်တွေရန်က ရှောင်ရှားဖို့ ဓားစာခံတွေကို မြေပေါ်မြေအောက် မကြာခဏ ရွှေ့ပြောင်းလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။
ပြန်လွတ်လာတဲ့ ဆီးဂဲလ်၊ ယာဒန် ဘီဘတ်စ်နဲ့ ကယ်လ်ဒါရွန်တို့ဟာ ၄၈၄ ရက်ကြာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
Source : Reuters