DVB Logo
Home
မြန်မာသတင်း
ကလေးမြို့က ရဲတပ်သား ၁ ဦးနှင့် ရွှေဘိုက စစ်မှုထမ်းသင်တန်းဆင်း ၁ ဦးတို့  အလင်းဝင်
DVB
·
February 3, 2025
ကလေးမြို့က ရဲတပ်သား ၁ ဦးနှင့် ရွှေဘိုက စစ်မှုထမ်းသင်တန်းဆင်း ၁ ဦးတို့  အလင်းဝင်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရဲကင်းစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတယောက် ဖေဖော်ဝါရီ ၁ ရက်က အလင်းဝင်လာတယ်လို့  တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ CDF-CDM-SIYIN ထံက သိရပါတယ်။

ကလေးမြို့အခြေစိုက် တာဟန်းလှုပ်ရှားရဲကင်းစခန်းက ရဲတပ်သား ကိုဘူးထန်ကွီ (ကိုယ်ပိုင်နံပါတ်/ လ-၃၀၄၀၀၉) ဟာ CDF-CDM-SIYIN ထံ CDM ပြုလုပ်လာတာလို့ ဆိုပါတယ်။

CDF-CDM-SIYIN တာဝန်ရှိသူက “ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျနော်တို့ဆီ ရောက်ရှိလာတာပါ။ တာဟန်း လှုပ်ရှားရဲကင်းစခန်းကလို့ သိရပါတယ်ဗျ။ သူ့ရဲ့ဆန္ဒအတိုင်း သူ့မိသားစု အသိုင်းအဝိုင်းတွေက လာကြိုဖို့ စောင့်နေပါတယ်” လို့ ပြောပါတယ်။

အဆိုပါ CDM ပြုလုပ်လာတဲ့ ရဲတပ်သားဟာ ပလက်ဝမြို့နယ်၊ ဟိုင်းကျေးရွာဇာတိ ဖြစ်ပြီး လက်နက်ပါမလာတဲ့အတွက် ဂုဏ်ပြုဆုငွေချီးမြှင့်တာမျိုးတော့ မရှိပါဘူး။

ဆက်လက်ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ စစ်ကောင်စီတပ်သားတွေ၊ ရဲတပ်သားတွေ၊ ပျူစောထီးအဖွဲ့ဝင်တွေ အနေနဲ့ CDF-CDM-SIYIN ထံကို ဆက်သွယ်ပြီး CDM ပြုလုပ်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ဇန်နဝါရီ ၉ ရက် ညကလည်း တီးတိန်မြို့က ရဲတပ်သား ကိုခိုင်ထူးဉာဏ်ဟာ CDF-CDM-Siyin ထံ G3 အမျိုးအစား လက်နက်နဲ့အတူ  အလင်းဝင်လာခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာလည်း ဇန်နဝါရီ ၂၀ ရက်က စစ်မှုထမ်းသင်တန်းဆင်းသူတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘို ပကဖ) က ဖေဖော်ဝါရီ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ရွှေဘို ပကဖရဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က “ရွှေဘိုမြို့နယ်ထဲက ကျောက်မြောင်းမြို့ အခြေစိုက် ခမရ ၁၂ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရပြီးတော့ စစ်သင်တန်းဆင်းပြီးသား စစ်သားက လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတာ” လို့ ပြောပါတယ်။

အဆိုပါ အလင်းဝင်ရောက်လာသူဟာ MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၅. ၅၆ ကျည် ၁၀၈ တောင့်၊ သံပုရာသီး ဗုံးသီး ၄ လုံး ယူဆောင်ပြီး ရွှေဘိုမြို့နယ်၊ တိုက်နယ်အမှတ် ၆ နယ်မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို ဆက်သွယ် အလင်းဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “သူတာဝန်ကျတဲ့ တပ်ထဲကနေ လက်နက်ခဲယမ်းတွေ ခိုးလာပြီးတော့ ထွက်ပြေးလာတာပါ။ သူ့ကို လုံခြုံစိတ်ချရတဲ့နေရာ ပို့ဆောင်ပေးထားပြီးပြီလည်း ဖြစ်ပါတယ်။ ဆုချီးမြှင့်ပေးဖို့ကတော့ သက်ဆိုင်ရာအဖွဲ့က ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ကနေ ထပ်မံအလင်းဝင်လိုကြသူတွေ များစွာရှိနေသေးတာကြောင့် အလင်းဝင်ရောက်လိုသူတွေအနေနဲ့ အချိန်မရွေး ဆက်သွယ်နိုင်ပြီး အလင်းဝင်လာသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘို ပကဖ)က ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ တလအတွင်းမှာ နိုင်ငံတဝန်း စစ်ကောင်စီအရာရှိအဆင့် ဗိုလ်မှူးတယောက် အပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲတပ်သား ၁၃၆ ယောက် ပြည်သူ့ရင်ခွင်ကို ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013