
တော်လှန်ရေးအင်အားစုတွေအနေနဲ့ သွေးစည်းညီညွတ်တဲ့တပ်ပေါင်းစု တည်ဆောက်ပြီး စစ်ကောင်စီကို ဆန့်ကျင်သူအားလုံးနဲ့အတူ စစ်အာဏာရှင် အမြစ်ပြတ် ကျရှုံးတဲ့အထိ လူငယ်တွေ တိုက်ပွဲဝင်သွားမယ်လို့ နိုင်ငံလုံးဆိုင်ရာတော်လှန်လူငယ်တွေ့ဆုံပွဲမှာ တအာင်း၊ ‘ဝ’ ၊ မွန်လူငယ်တွေက ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလထဲမှာ လူတွေ့နဲ့ အွန်လိုင်း ပေါင်းစပ်ပြီး ၄ ရက်တာ ကျင်းပခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
ဒီနေ့အချိန်ထိ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန်ပြင်းပြင်း ရှိနေသလို သမိုင်းတလျှောက်မှာ အဆိုးရွားဆုံး စစ်ရေး၊ နိုင်ငံရေး ရှုံးနိမ့်နေတဲ့ စစ်ကောင်စီကလည်း စစ်သည်အင်အားဖြည့်တင်းဖို့ အဓမ္မစစ်သားသစ် စုဆောင်းတာကို အရင်ကထက် လုပ်နေသလို သူတို့အတွက် နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲကို လုပ်ဖို့လည်း ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ရေရှည်တော်လှန်ရေးဆင်နွှဲလာရချိန်မှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကြောင့် မြို့ပြကျေးလက်မကျန် အရင်ကနဲ့မတူတဲ့ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်နေရပြီး အခက်ခဲဆုံး အချိန်ကာလကို ခေါင်းမော့ ရင်ကော့ပြီး ရင်ဆိုင်ဖြတ်သန်းနေတဲ့ ဒေသအသီးသီးက လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ တိုက်ပွဲဝင်စိတ်ပိုင်းဖြတ်မှုကိုလည်း နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲ တက်ရောက်သူ လူငယ်တွေက မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်မှပဲ နှစ် ၈၀ နီးပါး ယိုယွင်းလာတဲ့ အခြေအနေတွေကို အမှန်တကယ် ပြောင်းလဲနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကြတာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ သွေးစည်းညီညွတ်တဲ့တပ်ပေါင်းစု တည်ဆောက်ပြီး လူမျိုးစု ပြည်သူလူထုနဲ့အတူ စစ်သုံးစစ် (စစ်အာဏာရှင်၊ စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီယန္တရား) တိုက်ဖျက်ရေး မဆုတ်မနစ် တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲမှာ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ လှုပ်ရှားမှုနယ်ပယ် အသီးသီးက လူငယ်ခေါင်းဆောင် ၁၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
စစ်တပ်က အာဏာသိမ်းခံရတာ ၄ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း တအာင်း၊ ‘ဝ’၊ မွန် လူငယ်တွေက ပူးပေါင်းသဘောထားထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးကာလအတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ပြည်သူကို ပစ်မှတ်ထားပြီး ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ချိုးဖောက်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် လူသတ်စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါ အားလုံးအပေါ် ထိုက်သင့်တဲ့ပြစ်ဒဏ်တွေ အမြန်ဆုံးအရေးယူပေးဖို့ နိုင်ငံတကာအသိုက်အဝန်းက လျစ်လျူမရှုဘဲ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
သူတို့အနေနဲ့လည်း စစ်ကောင်စီကို ဆန့်ကျင်သူအားလုံးနဲ့အတူ စစ်အာဏာရှင် အမြစ်ပြတ် ကျရှုံးတဲ့အထိ လူငယ်တွေအကြား အချိတ်အဆက်မပြတ် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို ၄ နှစ်အထိ မဆုတ်မနစ် တော်လှန်တိုက်ပွဲဝင်နေသူအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ မျှော်မှန်းတဲ့ ရည်မှန်းချက်ပန်းတိုင် မပြည့်သရွေ့ သတိရှိရှိနဲ့ စစ်ကောင်စီရဲ့ ဘေးရန်တွေအားလုံးကို ကြိုတင်ကာကွယ်ပြီး ရှေ့ဆက် အားမလျှော့ဘဲ စည်းစည်းလုံးလုံး ဆက်လက်ပူးပေါင်းကြဖို့လည်း တိုက်တွန်းပါတယ်။