
ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းကျေးရွာတွေမှာ အလွန်အကျွံ မြေရှားသတ္တု တူးဖော်နေမှုတွေကြောင့် ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှုတွေ ရှိလာတယ်လို့ တအာင်းသဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့ (TEWG) က ဩဂုတ် ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
နမ့်ခမ်းမြို့နယ်စပ်က မန်စပ်၊ မန်ပူးနဲ့ မန်ပန် အစရှိတဲ့ တအာင်းကျေးရွာတွေမှာ ပြီးခဲ့တဲ့ မေလကစပြီး တရုတ်စကားပြော လူစိမ်းအုပ်စုတွေဟာ ဒေသခံတွေကို ကြိုတင်အသိပေးတာမရှိဘဲ လက်ဖက်ခြံတွေအတွင်း ဝင်ရောက်ကာ သံချောင်းပိုက်တွေနဲ့ မြေရှားသတ္တု စမ်းသပ်ကျင်းတွေ တူးဖော်ခဲ့ကြတာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အဆိုပါ စမ်းသပ်ကျင်းတွေကို မန်စပ်ရွာမှာ ၁၆ ပေါက်၊ မန်ပူးရွာမှာ အပေါက် ၂၀ နဲ့ မန်ပန်ရွာမှာ အပေါက် ၄၀ ကျော်အထိ တူးဖော်ထားပြီး အနက် အနည်းဆုံး ၁ ပေကနေ ပေ ၃၀ ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။
တူးဖော်သူတွေဟာ ကျင်းတွေကို ပြန်မဖို့ဘဲ ဒီအတိုင်း ပစ်ထားခဲ့ကြတာကြောင့် လက်ဖက်ခူးချိန် ဒေသခံ အမျိုးသမီးတွေ ကြောက်လန့်နေကြရသလို ကျွဲ၊ နွား စားကျက်မြေတွေမှာ ကျင်းတွေရှိနေလို့ တိရစ္ဆာန်တွေ ခြေကျွံ ခြေကျိုးမှာကိုလည်း တောင်သူတွေက စိုးရိမ်နေကြပါတယ်။
ဒါ့အပြင် စမ်းသပ်တူးဖော်နေတဲ့ နေရာအများစုဟာ ဒေသခံတွေရဲ့ ရေထွက်ဦး တောင်စွယ်တောင်တန်းတွေ ဖြစ်တာကြောင့် မြေရှားထုတ်ယူရာမှာ သုံးစွဲမဲ့ Ammonium sulfate လို ဓာတုဆေးရည်တွေနဲ့ နွံရေတွေကြောင့် သောက်သုံးရေနဲ့ စိုက်ပျိုးရေတွေ ခန်းခြောက်တာ၊ မြေဆီလွှာ ပျက်စီးတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီအတွက်ကြောင့် မန်စပ်ကျေးရွာ တောင်သူ ၆၀ ရာခိုင်နှုန်းရဲ့ လယ်ယာလုပ်ငန်း ထိခိုက်နိုင်သလို မန်ပူး၊ မန်ပန်နဲ့ မိုင်းဝီးဒေသအထိပါ စိုက်ပျိုးရေးနဲ့ လယ်ယာလုပ်ငန်းတွေ ပျက်စီးနိုင်ခြေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီလို မြေရှားသတ္တု တူးဖော်မှုအပြင် ဒေသတွင်း နယ်မြေအပြောင်းအလဲနဲ့ ပဋိပက္ခတွေကြောင့် လုံခြုံရေး ပိုမိုရှုပ်ထွေးနေချိန်မှာပဲ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (TCSN) ကလည်း ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ ဩဂုတ် ၄ ရက်ကနေ ၆ ရက်အထိ တအာင်းဒေသတနေရာမှာ ကျင်းပခဲ့တဲ့ TCSN ရဲ့ ပထမအကြိမ် ညီလာခံအပြီးမှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဆိုပါ ညီလာခံကို တအာင်းအရပ်ဘက် အဖွဲ့အစည်း ၆ ဖွဲ့မှ ကိုယ်စားလှယ် စုစုပေါင်း ၆၄ ယောက် လေ့လာသူ ၆ ယောက် စုစုပေါင်း အယောက် ၇၀ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ညီလာခံမှာတော့ လက်ရှိ တအာင်းနိုင်ငံရေးအခင်းအကျင်း၊ နွေဦးတော်လှန်ရေးအခြေအနေကို ဆွေးနွေးသုံးသပ်တဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှုတွေ၊ လူမှုရေး၊ သဘာဝအရင်းအမြစ်ထုတ်ယူမှု အခြေအနေ၊ အမျိုးသမီးနဲ့ လူငယ်ကဏ္ဍတွေကိုလည်း သုံးသပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တအာင်းဒေသအတွင်း မြေရှားအပါအဝင် သဘာဝအရင်းအမြစ်တွေကို အလွန်အကျွံ ထုတ်ယူတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းတာကြောင့် ပြည်သူတွေရဲ့ လူမှုဘဝဟာ ပိုမိုကျပ်တည်းလာတယ်လို့ ထောက်ပြထားပါတယ်။
ဒါကြောင့် အဆိုပါ မြေရှားစမ်းသပ်တူးဖော်မှုတွေကို သက်ဆိုင်ရာ နယ်မြေထိန်းချုပ်ထားသူတွေနဲ့ ကျေးရွာတာဝန်ရှိသူတွေအနေနဲ့ တားဆီးအရေးယူပေးဖို့နဲ့ ဒေသခံပြည်သူတွေကလည်း သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်တွေကို အမြန်ဆုံး သတင်းပို့ တိုင်ကြားကြဖို့ TEWG အဖွဲ့က တိုက်တွန်း ထုတ်ပြန်ထားပါတယ်။
ISP Myanmar အဖွဲ့ရဲ့ အဆိုအရ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ၈ နှစ်တာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် မြေရှားသတ္တုကုန်ကြမ်း တင်သွင်းရာ အဓိကပြည်ပရင်းမြစ် ဖြစ်လာခဲ့သလို မြန်မာကနေ တင်ပို့တဲ့ မြေရှားသတ္တုတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့မြေရှားသတ္တု တင်ပို့မှုဟာ သိသိသာသာတိုးလာခဲ့ပြီး ၂၀၂၃ ခုနှစ်ဟာ နှစ်စဉ်မြေရှားတင်ပို့မှုထဲမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး တင်ပို့မှုတန်ဖိုး ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုမြင့်တက်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ သတ္တုတူးဖော်မှု တိုးချဲ့လာတာကြောင့်ဖြစ်ပြီး အထူးသဖြင့် ကချင်ပြည်နယ်မှာ မြေရှားသတ္တု တူးဖော်မှု ကျယ်ပြန့်လာခဲ့တယ်လို့ ဖော်ပြပါတယ်။
စည်းကမ်းမထိန်းသိမ်းနိုင်တဲ့ တရားမဝင် သတ္တုတူးဖော်မှုတွေ သိသိသာသာ တိုးလာတာကို ဂြိုဟ်တုဓာတ်ပုံတွေကနေတဆင့်လည်း တွေ့ရသလို ဒီလုပ်ငန်းတွေမှာ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs) ပါဝင်နေပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကို ပိုမိုဆိုးရွားလာစေတယ်လို့ ISP Myanmar အဖွဲ့က ထောက်ပြပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းကျေးရွာတွေမှာ အလွန်အကျွံ မြေရှားသတ္တု တူးဖော်နေမှုတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက် အခြေအနေတွေကိုတော့ မသိနိုင်သေးပါဘူး။
မြတ်နိုးအောင်











