စက်တင်ဘာ ၂၄ ရက် ဝါရှင်တန်မှာကျင်းပမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မြေရှားတင်ပို့မှုအပေါ် တရုတ်ရဲ့ထိန်းချုပ်မှုဟာ အဓိက အငြင်းပွားစရာ ဖြစ်နေပါတယ်။
ကား၊ လေအားတာဘိုင်၊ အီလက်ထရွန်းနစ်ပစ္စည်းနဲ့ စစ်လက်နက်တွေမှာသုံးရတဲ့ မြေရှားသတ္တု သန့်စင်ထုတ်လုပ်မှုကို တရုတ်က လွှမ်းမိုးထားပါတယ်။
တရုတ်ဟာ ၂၀၂၅ ဧပြီလကတည်းက မြေရှားသတ္တု ၇ မျိုးနဲ့ အဲဒီသတ္တုတွေပါတဲ့ သံလိုက်တွေ တင်ပို့ဖို့ အထူးလိုင်စင်လိုအပ်တဲ့စနစ် ကျင့်သုံးခဲ့ပါတယ်။
နောက်ထပ် မြေရှားသတ္တု ၅ မျိုးကို ထိန်းချုပ်မဲ့ စည်းမျဉ်းသစ်တွေကလည်း နိုဝင်ဘာ ၁၀ ရက်မှာ စတင်အသက်ဝင်ဖို့ ရှိပါတယ်။
ထိုင်ဝမ်အရေး အငြင်းပွားမှုကြောင့် ဂျပန်ကို မြေရှားတင်ပို့မှု လျှော့ချထားတာကလည်း အမေရိကန် ကုန်ထုတ်လုပ်ငန်းတွေကိုပါ ထိခိုက်နေပါတယ်။
စည်းမျဉ်းသစ်တွေကို ခြောက်လကနေ တနှစ်အထိ ရွှေ့ဆိုင်းဖို့ အမေရိကန်ဘက်က တောင်းဆိုထားတယ်လို့ အမေရိကန် တာဝန်ရှိသူတွေကို ကိုးကားပြီး နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြပါတယ်။
တရုတ်ကလည်း အပြန်အလှန်အနေနဲ့ ထရမ့်ပ်ရဲ့ သမ္မတသက်တမ်းကုန်တဲ့အထိ အမေရိကန်ရဲ့ စည်းကြပ်ခွန်နဲ့ ကုန်သွယ်ရေး အရေးယူမှုတွေ ထပ်မတိုးဖို့ လိုလားနေတယ်လို့ အဲဒီအရာရှိတွေက ဆိုပါတယ်။
ဒီတောင်းဆိုချက်ကို တရုတ်ဘက်က အတည်မပြုသေးသလို ရွှေ့ဆိုင်းမဲ့ကာလကိုလည်း နှစ်နိုင်ငံ သဘောမတူနိုင်သေးပါဘူး။
ကုန်ကြမ်းအများစု ရနေကြပေမဲ့ တရုတ်ကို ရေရှည်အားထားဖို့ သံသယတွေ ဖြစ်လာတယ်လို့ တရုတ်နိုင်ငံက အမေရိကန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ မိုက်ကယ်ဟတ်က ပြောပါတယ်။
တရုတ်ကတော့ ဒီထိန်းချုပ်မှုတွေဟာ စီးပွားရေးဖိအားပေးဖို့မဟုတ်ဘဲ လက်နက်ပြန့်ပွားမှုကို တားဆီးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
Source: Reuters











