
“အာဏာသိမ်းပြီးနောက် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး လူတွေကလည်း အာရုံမစိုက်နိုင် တော့တာကြောင့် ပိုဆိုးလာနေတာပေ့ါ။ အရင်လို NGO CSO တွေလည်း မရှိတော့ဘဲ ဂရုမစိုက်နိုင်တော့ဘူး”လို့ တီကျစ်က ဒေသခံ အသက် ၃၀ ဝန်းကျင် နန်းမိုင် (အမည်လွှဲ)က ပြောပါတယ်။
ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေအပြင် သယံဇာတထုတ်ယူမှုတွေက တစတစ မြင့်တက်လာနေပြီး ဒေသခံတွေ အထူးသဖြင့် အမျိုးသမီးတွေဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြောင်း Shan Women's Action Network (SWAN) ထုတ်ပြန်ချက်တွေအရ လေ့လာတွေ့ရှိရပါတယ်။

ကျောက်မီးသွေး/သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တီကျစ်၊ မိုင်းကိုင်၊ သီပေါ၊ နမ့်စန် အစရှိတဲ့နေရာတွေမှာ အများဆုံး လုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှာ အမှန်တကယ် လည်ပတ်နေတဲ့ တခြား ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတခုပဲရှိပါတယ်။ အဲဒီစက်ရုံကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ တီကျစ် ဓာတ်အားပေးစက်ရုံပါ။
ဒီစက်ရုံကို တရုတ်နိုင်ငံမှ Wuxi Huaguang Electric Power Engineering Co. Ltd. က လုပ်ကိုင်နေတာဖြစ်ပါတယ်။ အကြီးစား ဟင်းလင်းပွင့်ကျောက်မီးသွေးတွင်းအနီးမှာ တည်ရှိတဲ့ တီကျစ်ဓာတ် အားပေးစက်ရုံဟာ ၂၀၀၅ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိကြောင်း SHRF (ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်) က ဖော်ပြထားပါတယ်။
ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO) ရဲ့ ၂၀၁၁ ခုနှစ်မှာ ထုတ်၀ေခဲ့တဲ့ အစီရင်ခံစာမှာ တီကျစ် ကျောက်မီးသွေးတွင်းနဲ့ ဓာတ်အားပေးစက်ရုံကနေ ထွက်ရှိတဲ့ လေထုနဲ့ ရေထုညစ်ညမ်းမှုတွေဟာ မိုင်းတွင်းရဲ့ ၅ မိုင်ပတ်လည်အတွင်း နေထိုင်ကြတဲ့ ပြည်သူပေါင်း ၁၂,၀၀၀ နီးပါးရဲ့ စိုက်ပျိုးရေးနဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်းနဲ့ ဒေသခံ ၅၀ ရာခိုင်နှုန်းလောက်ဟာ အရေပြားယားယံ ဝေဒနာတွေ ခံစားနေရကြောင်း ဖော်ထုတ်တင်ပြခဲ့ပါတယ်။
ဒါ့အပြင် တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကနေ နေ့စဉ် အဆိပ်သင့်ပြာ (Fly ash) စွန့်ပစ်ပစ္စည်း တန်ချိန် ၁၀၀ မှ ၁၅၀ အထိ ထွက်ရှိနေပြီး၊ စက်ရုံကနေ စိမ့်ထွက်စီးဆင်းလာတဲ့ အရည်တွေဟာ ဘီလူးချောင်းအတွင်းသို့ စီးဝင်ကာ အဲဒီကနေတဆင့် အင်းလေးကန်အတွင်းသို့ ရောက်ရှိနေကြောင်း PYO အစီရင်ခံစာက ထည့်သွင်းဖော်ပြပါတယ်။

နန်းမိုင်က “အရင် ၂၀၂၂ ခုနှစ်တုန်းက တီကျစ်ကို လေ့လာသူအနေနဲ့ CSO အဖွဲ့တခုနဲ့ ချိတ်ပြီးသွားဖူးတယ်။ အဲဒီတုန်းက သိရတာတော့ အဲဒီဒေသက အမျိုးသမီးတော်တော်များများက စက်ရုံကထွက်တဲ့ အငွေ့ကြောင့် ကိုယ်ဝန်ပျက်ကျတာတွေ့ရတယ်။ ၂၀၂၂ ခုနှစ်တုန်းက လေ့လာရသလောက် အယောက် ၄၀ ဝန်းကျင်ရှိတယ်။ တနှစ်အတွင်း အဲဒီအနီးအနား ဝန်းကျင်ပေါ့။ အဲဒီနားက ရွာတွေကို ဦးစီးတဲ့ ရွာသူကြီးတွေ ပြောတာ”လို့ ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် အဖွဲ့အစည်းတွေလည်း မရှိတော့သလို စာရင်းဇယားတွေလည်း အတိအကျမသိနိုင်တော့ဘူးလို့ ဆိုပါတယ်။
နန်းမိုင်က “အခုဆိုရင် ဟိုအရင်ထက် အငွေ့က အရမ်းပြင်းလာတယ်။ အဓိကတော့ အငွေ့ကြောင့်ဖြစ်တာ။ အသက်ရှူလမ်းကြောင်းကနေ ဖြစ်တာမျိုးပေ့ါ။ ဟိုအရင်က စက်ရုံနားတဝိုက်ထိ လူနေအိမ်တွေ ရှိတယ်။ နောက်ပိုင်းတော့ စက်ရုံက တိုးချဲ့တော့ မြေနေရာ သိမ်းယူတာတွေ ဒေသခံတွေကို ဈေးနှိမ်ပြီး ငွေပြန်အမ်းတာမျိုးတွေလုပ်ပြီး ရွှေ့ခိုင်းတာတွေရှိတယ်။ စက်ရုံနီးနားတဝိုက်မှာ လက်ရှိချိန်ထိ တချို့ရွာတွေ လူနေအိမ်တွေ စက်ရုံတွေ အလုပ်ရုံတွေ ရှိနေတယ်။ အဲဒီနားက ချောင်းဆိုလည်း စက်ရုံက စွန့်ပစ်တဲ့ အညစ်အကြေး ကောင်းကောင်းမစွန့်ပစ်တော့ ဒေသခံတွေရဲ့ စိုက်ခင်းတွေ ပျက်စီးတာ တွင်းထွက်ရေတွေ ခန်းကုန်တာ။ အဲဒီနားက ထွက်တဲ့ ကော်ဖီဆိုလည်း မသောက်ရဲတာမျိုး အမျိုးမျိုးပေါ့”လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ဒေသခံတွေအနေနဲ့ ရေတို ရေရှည် ကျန်းမာရေးထိခိုက်မှုတွေ၊ သောက်သုံးရေ လိုအပ်မှု၊၊ လုပ်ကိုင်စားသောက် နေထိုင်မှုဘဝပြောင်းလဲမှုတွေ၊ အတင်းအဓမ္မပြောင်းရွေ့စေခိုင်းမှုတွေ၊ ခေါင်းပုံဖြတ် အမြက် ထုတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ပိုတိုးလာကြောင်း Shan Women's Action Network (SWAN) တာဝန်ခံ နန်းခမ်းအွန်က ပြောပါတယ်။
“စိန်ခေါ်မှုတွေက အမျိုးသမီးတွေဟာ စစ်ပွဲကြောင့် မိသားစုတွေ ဆုံးရှုံးလိုက်ရပြီး အိမ်ထောင်ဦးစီး တာဝန်ပါ ထမ်းဆောင်လာရတယ်။ မိသားစုစားဝတ်နေရေး၊ အိမ်မှုကိစ္စနဲ့ ဝင်ငွေရှာဖွေရေး တာဝန်တွေကို တပြိုင်နက်တည်း ထမ်းဆောင်နေရတယ်။ ကျမတို့ ဒေသခံအမျိုးသမီးစကားဝိုင်း ပြုလုပ်တဲ့အချိန်မှာ တက်ရောက်သူတွေရဲ့ ပြောစကားအရ အမျိုးသားအချို့ အလုပ်အကိုင် မရှိတော့တာ၊ မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သုံးစွဲမှုတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုများလာတယ်လို့လည်း သိရပါတယ်။”
တီကျစ်ဒေသအပြင် ဟိုပုံးဒေသခံတွေမှာလည်း စစ်ပွဲဒဏ်အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဒဏ်ကြောင့် ပြောင်းရွှေ့နေထိုင်ရတာတွေကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြောင်း လဲကုန်သလို အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေကြောင့် နီးစပ်ရာနိုင်ငံတွေကို သွားရောက် အလုပ်လုပ် ကိုင်နေကြရတယ်လို့ ဟိုပုံးဒေသခံတွေဆီကသိရပါတယ်။
ဒေသခံ နန်းဇွန်(အမည်လွှဲ)က “ဟိုပုံးအခြေအနေ update ကြားမိသလောက် ဒေသခံတွေက ရွှေ့ပြောင်းကုန်တာ ကြားတယ်။ ဟိုပုံး ပင်းပက် သံမဏိစက်ရုံ အလုပ်ရုံနားနေတဲ့သူတွေဆို စိုက်ပျိုးရေးလည်း လုပ်မရတော့ဘူး။ စက်ရုံ အလုပ်ရုံတွေက ရေဆိုးထုတ်တာတွေကြာင့် သူတို့စိုက်ခင်းတွေက အကုန်ပျက်စီးကုန်တာနဲ့ အကုန်လုံး နီးစပ်ရာ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအလုပ်လုပ်ကုန်ကြတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ ဟိုပုံးဘက်က မရှိသလောက် နည်းသွားတယ်။ ညောင်ရွှေဆိုလည်း NGO CSO အကုန်ရပ်ထားရတယ်။ အဖမ်းအဆီးတွေလည်း များနေတော့ မလွယ်တော့ဘူး”လို့ ပြောပါတယ်။
နန်းဇွန်ဟာ ဟိုပုံးကနေ တောင်ကြီးကို ပြောင်းရွှေ့နေထိုင်နေတဲ့ အသက် ၂၀ ကျော်အရွယ် ကျောင်းသူတယောက်ဖြစ်ပါတယ်။
“အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးလာတာတော့ အများကြီး ပိုနေထိုင်ရကျပ်တည်းလာတယ်။ ညဘက်ဆိုလည်း မိန်းကလေးတွေကအစ ပေါ်တာဆွဲတာမျိုးတွေ ဂိတ်တွေက အစစ်အဆေး ကြမ်းလာတာတွေ၊ ဧည့်စာရင်းတွေ အရမ်းစစ်လာတာ တွေကြုံရတယ်။ အထူးသဖြင့် ညောင်ရွှေက ပိုဆိုးတယ်။ ဘယ်လိုမှ လွတ်လပ်မှု မရှိတော့ဘူး။ အကုန်ပိတ်ပင်ခံနေရတာမျိုးပေါ့။ စိတ်တွေ ကျဉ်းကြပ်တာပေါ့”လို့ နန်းဇွန်က ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်အခြေအနေက တနှစ်ထက်တနှစ် တိုးပွားဖြစ်ပေါ်နေကြောင်း SHRF (ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်)ရဲ့ ထုတ်ပြန်ချက်တွေက မီးမောင်းထိုးပြနေပါတယ်။

၂၀၂၅ ခုနှစ် ဧပြီ ၃ ရက်က ထုတ်ပြန်ချက်အရ ရှမ်းပြည်အရှေ့ပိုင်း မဲခေါင်မြစ်အနီး NDAA (မိုင်းလားတပ်) ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
၂၀၂၁ ခုနှစ် အစောပိုင်းက ဓာတ်ပုံတွေမှာတော့ အဆိုပါဒေသမှာ မြေရှားသတ္တုတွင်း ၃ တွင်းပဲ တွေ့ရှိရပြီး ဒီအထဲက ၂ ခုက အသုံးမပြုတော့တဲ့ သတ္တုတွင်းတွေ ဖြစ်နေပါပြီ။
၂၀၂၁ ခုနှစ်မှာ အသုံးပြုနေခဲ့တဲ့ သတ္တုတွင်းတခုဟာ အခုအသုံးမပြုတော့လို့ ၂၀၂၅ ခုနှစ်မှာ တွေ့ရှိရတဲ့ နေရာ ၁၈ နေရာစာရင်းထဲ ထည့်သွင်းရေတွက်ထားတာ မရှိပါဘူး။ ဒီအချက်က လွန်ခဲ့တဲ့ ၄ နှစ်အတွင်း မြေရှားသတ္တုတူးဖော်မှုမှာ အဆမတန် တိုးပွားလာခဲ့ကြောင်း ပြသနေပါတယ်။
လက်ရှိသတ္တုတွင်းတွေအနက် ၁၆ တွင်းက လည်ပတ်နေဆဲဖြစ်တာကို ဓာတ်ပြုကန်တွေထဲ အရည်တွေပြည့်နေတာကြောင့် သိရပြီး ကျန် ၃ ခုကတော့ မေလအတွင်း တည်ဆောက်နေဆဲဖြစ်ကြောင်း ဂြိုဟ်တုဓာတ်ပုံတွေအရ သိရပါတယ်။
ဒီဓာတ်ပုံတွေကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်က ရိုက်ကူးခဲ့တာပါ။ မြေကြီးထဲက ထွက်လာတဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ ဒီသတ္တုတွင်းတွေကနေ စီးဆင်းလာတဲ့ ရေတွေဟာ နမ့်ခုတ်မြစ်ထဲကို တိုက်ရိုက် စီးဝင်နေပါတယ်။
နမ့်ခုတ်မြစ်ရဲ့ အနောက်ဘက်ကမ်းရှိ သန့်စင်စက်ရုံတွေမှာ ရွှေရိုင်းတွေဆက်လက် ထုတ်ယူ သန့်စင်နေပြီး၊ ထိုစက်ရုံတွေကနေ ဓာတုအကြွင်းအကျန်တွေလည်း မြစ်အတွင်းသို့ တိုက်ရိုက် စီးဝင်နေဖွယ်ရှိတယ်လို့ ထောက်ပြထားပါတယ်။

ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ ပတ်ဝန်းကျင်ပျက်စီးမှုဟာ စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုး တခုသာ မဟုတ်ဘဲ၊ မတည်ငြိမ်မှုတွေနဲ့ အားနည်းတဲ့ အုပ်ချုပ်မှုစနစ်တွေအောက် ထိန်းချုပ်မှုမရှိဘဲ လုပ်ဆောင်နေတဲ့ အရင်းအမြစ် ထုတ်ယူရေးလုပ်ငန်းတွေရဲ့ အကျိုးဆက်တခုလည်း ဖြစ်နေပါတယ်။
SWAN တာဝန်ခံနန်းခမ်းအွန်က “သောက်သုံးရေနဲ့ပတ်သက်ပြီး ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးဘက်မှာဆိုရင် ရေတွင်းခန်းခြောက်မှုတွေ ရှိလာတယ်။ တချို့အိမ်တွေမှာ ရေတွင်းထဲက ရေထွက်ပေမဲ့ ရေနောက်နေတာတွေဖြစ်တယ်။ သောက်သုံးရေတွေက မသန့်တော့ဘူး။ အခု အခြေအနေမှာ ကျန်းမာရေးအရ သိသာမြင်သာထိခိုက်မှု မတွေ့ရသေးပေမဲ့ ရေရှည်ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်ရပါတယ်”လို့ ပြောပါတယ်။
စားဝတ်နေရေးအခက်အခဲကြောင့် တချို့အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ လူကုန်ကူးခံရတာ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရတာနဲ့ လိင်လုပ်ငန်းလုပ်ကိုင်ရတဲ့အခြေအနေတွေ ဖြစ်လာနေ ပါတယ်။
ဒီအခြေအနေတွေကြောင့် ပတ်ဝန်းကျင်အသိုက်အဝန်းမှ ခွဲခြားဆက်ဆံမှုတွေကို ခံရပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ လူမှုအသိုက်အဝန်းမှ ဖယ်ကျဉ်ခံရမှုတွေလည်း ကြုံတွေ့နေရတာကို လေ့လာတွေ့ရှိရကြောင်း နန်းခမ်းအွန်က ပြောပါတယ်။
“လူငယ်တချို့ ကျောင်းမပြီးသေးဘဲ ကျောင်းထွက်ကာ အလုပ်လုပ်ကိုင်ရတာတွေ၊ စစ်မှုထမ်း ဥပဒေကြောင့် အမျိုးသမီးငယ်တချို့ စောစီးစွာအိမ်ထောင်ပြုကြတာတွေနဲ့ သားဆက်ခြား နည်းလမ်း၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအသိပညာ မလုံလောက်တာတွေကြောင့် အသက်မပြည့် ကိုယ်ဝန်ဆောင်တာ၊ ကလေးမွေးဖွားတာတွေလည်း မြင့်တက်နေတယ်။”
အမျိုးမျိုးသောအခြေအနေတွေ ကြားကပဲ နေ့စဉ်ရှင်သန်ရပ်တည်နေထိုင်ရေးကို ဦးစားပေးနေရတဲ့ ကာလမှာ ဒေသခံတွေအနေနဲ့ အားမတန်လို့ မာန်လျှော့လိုက်ရသာဖြစ်ပြီး ဆန္ဒပြကန့်ကွက်တာ မျိုးလည်းမလုပ်နိုင်တော့ကြောင်းနဲ့ အမျိုးသမီးတွေဟာ ခေတ်ရဲ့ဝါးမြိုတာကို ပိုမိုခံစားရပြီး ဆိုးရွားလာကြောင်း တီကျစ်ဒေသခံ နန်းမိုင် (အမည်လွှဲ)က ဆိုပါတယ်။
“ခုဆို နေ့တိုင်းရုံးတက်ရုံးဆင်း စက်ရုံရှေ့ကဖြစ်ပြီး ဆိုက်ကယ်စီးရတော့ အဲဒီနားရောက်ရင် အသက်ရှူ ပိတ်ပြီးစီးရတယ်။ ဒါတောင် လမ်းမကြီးပေါ်ကနေအဝေးကြီးကို အငွေ့က တအားပြင်းတယ်။ စက်ရုံအနီးအနားကတော့ အပြင်လူတွေသွားလို့မရဘူး အကုန်ပိတ်ထားတယ်။ ခုဆိုရင်တော့ ဘယ်လောက်ဆိုးနေပြီလဲမသိဘူး” လို့ နန်းမိုင်က ပြောပါတယ်။
ခင်နှင်းဖြူစိုး
Photo: SHRF











