DVB Logo
Home
မြန်မာသတင်း
တလုပ်မြို့တိုက်ပွဲ လေယာဉ်ပစ်ကူကြောင့် ပြန်ဆုတ်ခွာ၊ တနင်္သာရီ၌ စစ်ယာဉ်တန်းတိုက်ခိုက်ခံရ
DVB
·
February 2, 2025
တလုပ်မြို့တိုက်ပွဲ လေယာဉ်ပစ်ကူကြောင့် ပြန်ဆုတ်ခွာ၊ တနင်္သာရီ၌ စစ်ယာဉ်တန်းတိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်က စခန်းသိမ်းဖို့ တိုက်ခိုက်ခဲ့ပေမဲ့ လေကြောင်းကနေ အဆက်မပြတ်စစ်ကူပေးလို့ ပြန်ဆုတ်ခွာခဲ့ရပြီး တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာတော့ စစ်ကူသွားတဲ့ စစ်ကောင်စီယာဉ်တန်း ၆ စီးကို ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

တလုပ်မြို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်း ၅ နာရီလောက်ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က Mi 35၊ Y8၊ Y12 လေယာဉ်တွေနဲ့ အဆက်မပြတ်ပစ်ကူပြီး စစ်ကူလာပေးခဲ့တယ်လို့ ဒေသခံတွေနဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မြောင် CDSOM အဖွဲ့ရဲ့ တာဝန်ရှိသူကို နွေဦးက “စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများပြီး တလုပ်မြို့ကို လက်လွှတ်ရတော့မယ့် အနေအထားတခုမှာ မနက် ၇ နာရီလောက်ကစပြီး ညနေ ၁ နာရီခွဲလောက်အထိ လေယာဉ်တစီးပြီးတစီး အဆက်မပြတ် တက်လာကာ ပြည်သူ့နေရာတွေပါမကျန် ပစ်ခတ်သွားတယ်။ ပစ်ခတ်တဲ့ လေယာဉ်အမျိုးအစားနဲ့ ပစ်ခတ်အကြိမ် အရေအတွက်တွေက Mi5 ၂ စီးနဲ့ ၈ ကြိမ် ပစ်ခတ်တယ်။ Y8 နဲ့ ၄ ကြိမ်၊ Y12 နဲ့ ၃ ကြိမ် ပစ်ခတ်တာလို့” ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် တလုပ်မြို့အနီး ဆီမီးခုံမှာရှိတဲ့ ရေတပ်စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သလို မြင်းခြံဘက်မှာလည်း ဟောင်ဝစ်ဇာနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့တာကြောင့် မနက် ၉ နာရီလောက်မှာ တပ်တွေပြန်ဆုတ်ခဲ့ရတယ်လို့ ဒေသခံ ရဲဘော်တယောက်က ပြောပါတယ်။

အဲဒီတိုက်ပွဲကို တလုပ်ပြည်သူ့ကာကွယ်ရေးတပ်က ဦးဆောင်ပြီး မြောင် CDSOM အဖွဲ့၊ မြောင် ပလဖ ဗိုလ်ကျားသစ် စတဲ့အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးအပါအဝင် လေယာဉ်နဲ့ပစ်ခတ်လို့ ဒေသခံ အရပ်သား ၁ ယောက် သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာတော့ ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် စစ်ကောင်စီယာဉ်တန်း ၆ စီးကို တနင်္သာရီမြို့နယ် ပကဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့လောက်ကစပြီး စစ်ကောင်စီဘက်က မောတောင်ကို စစ်ကူယာဉ်တန်း သွားဖို့အတွက် လမ်းတွေမှာ စစ်ကြောင်းချီပြီး လမ်းတလျှောက် တပ်စိပ်အလိုက် ကင်းချထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီ တပ်စိပ်တွေကို ဒရုန်းနဲ့ ဗုံးသီး ၉ လုံးချတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုန် ၅ တာဝန်ရှိသူက ပြောပါတယ်။

တနင်္သာရီမြို့နယ် ပကဖ ဇုန် ၅ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “စကစဘက်က လမ်းကင်းယူပြီးမှ စစ်ကောင်စီယာဉ်တန်းကဖြတ်တာ။ ယာဉ်တန်းမဖြတ်ခင်မှာ စကစဘက်က ဒရုန်းနဲ့ တိုက်ခိုက်တာရှိတယ်။ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကတော့ မော်တုန်းအခြေစိုက် ၃၀၆ အမြောက်တပ်ရင်းက တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် ဒေသခံ အိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013