
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီရဲ့ မဲပလီစခန်းကို ဖေဖော်ဝါရီ ၁ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီခွဲကျော်လောက်မှာ လေကြောင်းပစ်ကူကြားက KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
မဲပလီတပ်စခန်းကို စစ်ကောင်စီတပ်ဘက်က မဆုတ်တမ်းတိုက်ခိုက်နေတဲ့အပြင် စစ်ကောင်စီရဲ့ ခမရ ၄၀၅ ကနေ လက်နက်ကြီးပစ်ကူပေးတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ကြားက KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်က “စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်း ၃၀ ကျော်၊ ၄၀ လောက် ဖမ်းဆီးမိတယ်။ ဒဏ်ရာရရဲဘော်တွေလည်း ရှိတယ်။ လက်နက်တွေ သိမ်းဆည်းရမိတယ်။ ဟောင်ဝစ်ဇာတွေလည်း ရတယ်။ ဒါပေမယ့် မပြီးသေးဘူး။ အခုအချိန်မှာ နယ်မြေရှင်းလင်းနေတယ်။ စခန်းထဲမှာလူမရှိတော့ လေယာဉ်နဲ့ပတ်ပြီး ကြဲနေတုန်းပဲ”လို့ ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အသေးစိတ်ကို DVB က ဆက်လက်စုံစမ်းနေပါတယ်။
ဇန်နဝါရီပထမပတ်ကစပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ ဝေဟင်ကနေ ဒရုန်းနဲ့ လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် အစူးချောင်းကျေးရွာအုပ်စု၊ မဲပလီကျေးရွာအုပ်စု၊ ပီတီ ကျေးရွာအုပ်စုတွေက ဒေသခံ ၃၀၀၀ ကျော်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။











