
ဖာပွန်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတကြောင်းလုံး ကမမောင်းနဲ့ ဖားလုံးကြီးကျေးရွာကြားမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံနေရတယ်လို့ တပ်မဟာ ၅၊ မူတြော်ခရိုင်(ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က ပြောပါတယ်။
စစ်အာဏာရှင်တပ်က မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာ မကျရေးနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့ ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာပါ။
စစ်တပ်စစ်ကြောင်းတွေ ၄ လကျော် ကြာမြင့်လာတဲ့အထိ ဖာပွန်မြို့ကို မရောက်ရှိသေးဘဲ မိုင် ၂၀ လောက်သာ လိုတော့တဲ့ မိုင်တိုင်အမှတ်၊ ၂၈/၅ မိုင်နားက ဖားလုံးကြီးကျေးရွာကို ဩဂုတ် ၃ ရက်က ရောက်ရှိပြီး တလကျော်ကြာတဲ့အထိ ရှေ့ဆက်မတိုးနိုင်ဘဲ KNLA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံနေရတာပါ။
KNU တပ်မဟာ ၅၊ မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က “ပြောမယ်ဆိုရင် တော်တော်စိပ်စိပ်တော့ တိုက်ပွဲဖြစ်တယ်။ ဖြစ်တဲ့အပေါ်မှာပဲ လက်နက်ရတာ တော်တော်များများ ရှိတယ်။ ၃ လက်၊ ၄ လက်၊ ၃ လက်၊ ၂ လက် အဲလိုမျိုး။ ပှံမှန်ဖြစ်တာပေါ့၊ ဒီလအတွင်းပေါ့၊ ပြောမယ်ဆိုလို့ရှိရင် ထွက်ပြေးတဲ့သူတွေလည်း ရှိတယ်။ လက်နက်လာချတာ ရှိသလို သူတို့ဘာသာ ထွက်ပြေးပြီး လွတ်တာမျိုးလည်း ရှိတယ်။ အဲဒီ ဦးရေတွေလည်း ကျနော်တို့က အတိအကျ မသိပေမဲ့လည်း ခန့်မှန်းလို့တော့ ရတယ်။ တချို့က ထွက်ပြေးပြီးတော့ ရေချောင်းတွေကူးရတော့ ချောင်းထဲမှာ မြုပ်သွားတဲ့လူတွေလည်း ရှိတယ်။ ထိပ်တိုက်က ဖားလုံးကြီးခွင်မှာရောက်တဲ့ လူတွေလည်း အတိုက်ခံရတာ ရှိသလို ဒီအောက်ဘက်မှာလည်း တနေရာပြီးတနေရာ ကမမောင်းနဲ့ ဖားလုံးကြီးကြား ဖြတ်တိုက်ခံရတာ နေ့စဉ်နေတိုင်းပေါ့။ တကြောင်းလုံး အတိုက်ခံရတဲ့ ပုံစံမျိုး ဖြစ်တာပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်တပ်ဘက်က ကျဆုံးသူ များနေတာကြောင့် မြဝတီမြို့ဘက်ကနေ စစ်အင်အားတွေ ထပ်မံဖြည့်တင်းထားတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်က စနစ်တကျဖွဲ့စည်းထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရေး လက်ရုံးရည် နှလုံးရည်ကို ဘယ်လိုမှ မယှဉ်နိုင်ဘူးလို့ ကရင်စစ်ရေးလေ့လာသူတယောက်က ပြောပါတယ်။
“လက်ရှိ ဖာပွန်ခရိုင်မှာက စစ်ကောင်စီဘက်က ရပ်တည်ပေးတဲ့ BGF တို့ DKBA တို့က အကုန်လုံးတော့ မဆိုလိုဘူး၊ အင်အားမကောင်းဘူး။ နယ်မြေကျွမ်းကျင်မှုလည်း အားနည်းတယ်။ ဟိုမှာက တပ်ချုပ် (KNU စစ်ဦးစီးချုပ်) ကိုယ်တိုင်က သူ့ရဲ့နေရာဒေသလည်း ဖြစ်တဲ့အခါကျတော့ စစ်ရေးပရိယာယ် ကြွယ်တဲ့အခါကျ တိုက်ရေးခိုက်ရေးကောင်းတဲ့အခါကျတော့ တပ်မဟာ ၅ က နဂိုတည်းက တိုက်ရေးခိုက်ရေးကောင်းတဲ့ တပ်သားတွေ ဖြစ်တယ်။ ခရိုင်ဗဟိုမှာဆိုလည်း တပ်မဟာ ၅ က လူတော်တွေများတယ်။ သတ္တိဗျတ္တိလည်း ကောင်းတယ်။ အဲတော့ စစ်ကို စစ်ချင်းတိုက်တဲ့ အချိန်မှာ ဘယ်လိုမှ မယှဉ်နိုင်ဘူး ဆိုတာကို ပြောချင်တယ်။ နောက်တခုကကျတော့ စနစ်တကျဖွဲ့စည်းထားတဲ့ KNU ရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်၊ လက်ရုံးရည် နှလုံးရည်ကို ဘယ်လိုမှ မယှဉ်နိုင်ဘူးလို့ ကျနော်တို့က ပြောချင်တယ်။”
တပ်မဟာ ၅ နယ်မြေအတွင်း စက်တင်ဘာ ၁ ရက်ကနေ ၁၅ ရက်အထိ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ၄၇ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်က ဗိုလ်ကြီး ၂ ယောက် အပါအဝင် ၂၂ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ဒဏ်ရာရရှိသူ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။
အောင်ခန့်











