DVB Logo
Home
မြန်မာသတင်း
ကမမောင်း-ဖာပွန်လမ်းပေါ်က ဆင်စွယ်ရွာအထိ စစ်တပ် သိမ်းပိုက်
အောင်ခန့်
·
October 1, 2026
Photo: DVB (ပုံဟောင်း)
Photo: DVB (ပုံဟောင်း)
Donate to DVB

ကရင်ပြည်နယ် ကမမောင်း-ဖာပွန် ကားလမ်းပေါ်က ဆင်စွယ်ကျေးရွာအထိ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့မြေပြင်မှာတော့ နယ်မြေတည်ငြိမ်မှု မရှိတဲ့အပြင် တိုက်ပွဲတွေ နေ့တိုင်း ဖြစ်ပွားနေတယ်လို့ တပ်မဟာ ၅၊ မူတြော်ခရိုင် (ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

စစ်အာဏာရှင်တပ်က မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဖာပွန်ဗျူဟာမကျရေးနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့ ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာပါ။

စစ်တပ် စစ်ကြောင်းတွေ ၄ လကျော် ကြာမြင့်လာတဲ့အထိ ဖာပွန်မြို့ကို မရောက်ရှိသေးဘဲ မိုင် ၂၀ လောက်သာ လိုတော့တဲ့ မိုင်တိုင်အမှတ်၊ ၂၈/၅ မိုင်နားက ဖားလုံးကြီးကျေးရွာကို ဩဂုတ် ၃ ရက်က ရောက်ရှိပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံနေရပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၂၈ ရက်မှာ စစ်တပ်ဘက်က ဆင်စွယ်ကျေးရွာအထိ ထပ်မံသိမ်းပိုက် ထိန်းချုပ်နိုင်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် KNLA ပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေက ကန့်ကွက်ရှုတ်ချနေတယ်လို့ ဝါဒဖြန့်ခဲ့ပါတယ်။

တပ်မဟာ ၅ မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က “ထိန်းချုပ်မှုအဆင့်က ဘယ်လောက် ရှိနေပြီလဲ။ အဲဒီအခြေအနေက လက်တွေ့မှာ ကြည့်လိုက်လို့ရှိရင် ဖြစ်စဉ်ကတော့ ရှိတာပဲ။ နေ့တိုင်းလိုလိုပဲ တိုက်ပွဲတွေ ဖြစ်တယ်။ သေတာ ဒဏ်ရာရတာ ရှိသလို လက်နက်တွေလည်း တော်လှန်ရေးဘက်က ရတဲ့ဟာတွေ ဆက်တိုက်ရှိနေတာပဲ။ အခြေအနေက လုံးဝ မအေးဆေးဘူး။ ကျနော်တို့ တော်လှန်ရေးဘက်ကတော့ ကျနော်တို့တာဝန် ကျနော်တို့ လုပ်ရမှာပဲ။ အဲဒီမှာ ပြည်သူတွေအတွက် ဘာတွေစီစဉ်နေလဲဆိုတဲ့ အပြောတွေကတော့ ဒါ သူတို့တာဝန်အရ သူတို့ပြောနေကြ ဆိုနေကြ ရေးနေကြ အလုပ်ပဲ။ ပြည်သူလူထုတွေကတော့ ဝေဝါးနိုင်တာပေါ့။ ဒါပေမဲ့ လက်တွေ့ ခံစားနေရတဲ့ ပြည်သူလူထုတွေကတော့ အမှန်တရားက ခွဲခြားလို့ရပါတယ်။ ဒီစစ်ကြောင်းရဲ့ ထိုးစစ်ဆင်မှုအပေါ်မှာ ပြည်သူလူထု ဒေသခံတွေက ဘယ်လောက်ထိ ဒုက္ခရောက်လဲ ဆိုတာက ခံစားနေရတဲ့ ပြည်သူက အသိဆုံး” လို့‌ ပြောပါတယ်။

ဒါ့အပြင် ၄ လကျော်အတွင်း စစ်တပ်ဘက်က တပ်ရင်းမှူး အပါအဝင် သေဆုံးသူ ၁၂၅ ယောက်၊ ဒုရင်းမှူး အပါအဝင် ဒဏ်ရာရသူ အယောက် ၂၀၀ နဲ့ လက်နက် ၂၀ သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဘက်ကို ထွက်ပြေးလာသူ ၃၆ ယောက်၊ ဘတ်ဟိုးယာဉ် အပါအဝင် ယာဉ်မျိုးစုံ ၈ စီး ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ရဲ့ အောင်မြင်မှုတွေလို့ တပ်မဟာ ၅၊ မူတြော်ခရိုင်(ပြောခွင့်ရ) က ပြောပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “တကယ်လို့ သူတို့ထိန်းချုပ်လို့ ရသွားတယ်ဆိုရင်လည်း ဒါ ပြီးဆုံးသေးတဲ့ကိစ္စ မဟုတ်သေးဘူးလို့ပဲ ကျနော်တို့ မြင်တယ်။ စစ်ရေးဆိုတာက ပြောရ အရမ်းခက်တယ်။ စစ်ရေးဗျူဟာ ဆိုတာလည်း နားလည်ရ အရမ်းခက်တယ်။ သာမန်လူတွေ နားမလည်နိုင်ဘူး။ တော်ရုံတန်ရုံ လေ့လာသင်ယူထားတဲ့လူတွေ မဟုတ်ဘူး ဆိုရင်တော့ စစ်ရေး သုံးသပ်ချက်တွေက ကျနော်တို့ မတိမကျ မခိုင်မာဘဲနဲ့ ပြောရင်တော့ ရမ်းပြီးပြောတယ် ဆိုတာမျိုး ဖြစ်သွားနိုင်တယ်။ လက်ရှိကတော့ မြေပြင်အနေအထားအရကတော့ လော်ဘီလုပ်တဲ့အဆင့်ပဲ ရှိတယ်။ မြေပြင်အနေအထားမှာတော့ ခိုင်မာတိကျတဲ့ သတင်းရင်းမြစ် မဟုတ်ဘူးလို့ပဲ ကျနော်တို့က ပြောချင်တယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်စစ်ကြောင်းတွေ မြေပြင်ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၂၇၅ လုံး၊ စာသင်ကျောင်းတကျောင်း၊ ဘာသာရေးကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် စာသင်ကျောင်း ၁၈ ကျောင်း ပိတ်ထားရတဲ့အပြင် ကျေးရွာအတွင်း မနေထိုင်ရဲတဲ့ ကျေးရွာ ၂၇ ရွာ၊ ထွက်ပြေးတိမ်းရှောင်သူ ၃၅,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013