
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်က နိပွန်ဒိုင်နာဝေ့ဗ် ထုပ်ပိုးစက်ရုံမှာ မေ ၂၆ ရက်က ဓာတုဗေဒကန်တခု ပေါက်ကွဲပျက်စီးခဲ့လို့ လူသေဆုံးမှုတွေနဲ့ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပြီး အခုထိ သေဆုံးသူအရေအတွက်ကိုတော့ အတိအကျ မသိရ သေးဘူးလို့ ဆိုပါတယ်။
အော်ရီဂွန်ပြည်နယ် ပို့တ်လန်းမြို့ရဲ့ မြောက်ဘက် ၄၅ မိုင်အကွာမှာရှိတဲ့ ကောလစ်ဇ်ခရိုင်၊ လောင်းဗျူးမြို့ရှိ စက်ရုံမှာ ဒေသစံတော်ချိန် မနက် ၇ နာရီ ၁၅ မိနစ် ဝန်းကျင်က စက္ကူပျော့ဖတ် လုပ်ငန်းသုံး ဆိုဒီယမ် ဟိုက်ဒရော့ဆိုဒ် နဲ့ ဆိုဒီယမ် ဆာလ်ဖိုက် ဓာတုဗေဒ အရောအနှောဖြစ်တဲ့ “white liquor” အဖြူရောင်ဆေးရည်တွေ ထည့်ထားတဲ့ ကန် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဂါလန် ၈၀,၀၀၀ ဆံ့တဲ့ အဲဒီကန်ထဲမှာ အခင်းဖြစ်ချိန်က ဓာတုဗေဒအရည် ၆၀ ရာခိုင်နှုန်းလောက် ရှိနေတယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်ရှိနေတုန်းပဲလို့ လောင်းဗျူး မီးသတ်ဌာန၊ ကုမ္ပဏီနဲ့ ခရိုင်ရဲအရာရှိရုံးတို့က ပူးတွဲထုတ်ပြန်ခဲ့ပြီး ဓာတုဗေဒပစ္စည်း လောင်မြိုက်တာနဲ့ တခြားဒဏ်ရာရခဲ့တဲ့ လူနာတော်တော်များများကို အနီးနားက ဆေးရုံတွေကို ပို့ဆောင်ထားပါတယ်။
ဒီပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်လူထုကို တိုက်ရိုက်အန္တရာယ်ပြုနိုင်တဲ့ အခြေအနေတော့ မရှိဘူး လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားမှုကြောင့် လူသေဆုံးတာနဲ့ စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရတာတွေ ရှိတယ်ဆိုတာ အတည်ပြုနိုင်ပေမဲ့ အရေအတွက် အတိအကျကိုတော့ ထည့်သွင်းပြောဆိုထားခြင်း မရှိပါဘူး။
မီးသတ်အရာရှိချုပ် စကော့တ် ဂိုးလ်စတိန်းကတော့ စက်ရုံကနေ အနည်းဆုံး အလုပ်သမား ၉ ယောက်နဲ့ မီးသတ်သမားတယောက်ကို ဆေးရုံပို့ထားရပြီး သေဆုံးသူအရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် ရောက်လာတဲ့ လူနာ ၉ ယောက်ရှိပြီး တယောက် သေဆုံးသွားတယ်လို့ လောင်းဗျူး မြို့က ပိစ် ဟဲ့လ်သ် စိန့်ဂျွန် ဆေးရုံက ပြောကြားပါတယ်။
ကျန်တဲ့လူနာ ၆ ယောက်ကတော့ သက်သာတဲ့အခြေအနေမှာရှိပြီး ၂ ယောက်ကတော့ တခြားဆေးရုံ ကို လွှဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေကတော့ အခင်းဖြစ်ပွားတဲ့နေရာကို ထိန်းချုပ်ဖို့ လုပ်ဆောင်နေတုန်းမို့လို့ အနီးနားက ပြည်သူတွေအနေနဲ့ ဒီဒေသတဝိုက်ကို ဆက်ပြီး ရှောင်ရှားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
Source:Reuters










