
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အလှူရှင်အကူအညီနည်းပါးနေပြီး စားဝတ်နေရေးသာမက ကျန်းမာရေး၊ ပညာရေး အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
မိဘတွေမှာ ဝင်ငွေမရှိတာကြောင့် ကလေးငယ်တွေရဲ့ ပညာရေးအတွက်လည်း ကျောင်းစရိတ် မထောက်ပံ့နိုင်ဘဲ ကျောင်းဆက်တက်ဖို့ အခက်အခဲရှိနေသူတွေလည်း အများကြီးရှိပါတယ်။
နာတာရှည်ရောဂါသည်တွေအတွက် ဆေးဝါးပြတ်လပ်တာအပြင် ရာသီတုပ်ကွေး၊ နှာစေးချောင်းဆိုးအတွက်တောင် ဆေးဝါးမလုံလောက်ဘူးလို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတယောက်က “စစ်ရှောင်ရတော့ ဘာမှမရှိဘူးရော။ အလုပ်အကိုင် အခွင့်အလမ်းရော၊ စီးပွားရေးရော။ ဒီက တောင်ပေါ်ဒေသက ကျေးရွာတွေများတယ်။ စစ်ရှောင်တွေများတော့ ကျန်းမာရေးနဲ့ ပတ်သက်တာရယ်၊ ရိက္ခာပိုင်းရယ် ပိုပြီးခက်ခဲတယ်” လို့ ပြောပါတယ်။
အလှူရှင်တွေလာဖို့ခက်ခဲတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ နေ့စဉ်စားနပ်ရိက္ခာအတွက် ရုန်းကန်နေကြရတာပါ။
စစ်ရှောင်တယောက်က “ရိက္ခာပိုင်းမှာလည်း အလှူရှင်လာမလှူတော့တာ ၃ လ လောက် ကြာပြီဖြစ်တဲ့အတွက် အသိမိတ်ဆွေတွေဆီက ချေးငှားစားသောက်နေရတယ်” လို့ ပြောပါတယ်။
စစ်ဘေးရှောင်ကာလ ၃ နှစ်ကျော်ကြာလာပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာပြတ်လပ်တာ၊ အလှူရှင် အကူအညီနည်းပါးလာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ ထမင်းနပ်မှန်အောင် မစားရတဲ့အထိ အခြေအနေ ဆိုးရွားနေတယ်လို့ သိရပါတယ်။
ဖရူဆိုအနောက်ခြမ်း၊ ဒေါစော်ဗြေအုပ်စုမှာ ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၁၅၀ လောက်နဲ့ လူဦးရေ ၅၅၀ ကျော် နေထိုင်နေပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအတွက် ဆေးဝါး၊ ပညာရေးနဲ့ ရိက္ခာ အခက်အခဲတွေ ရင်ဆိုင်နေကြရတာပါ။











