
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်ပေးနေတဲ့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာနက ဝန်ထမ်းတယောက်ကို စစ်တပ်က ဖမ်းဆီးပြီး မျက်လုံးကို ဖောက်ထုတ်၊ ဦးခေါင်းကို ရိုက်ခွဲ သတ်ဖြတ်လိုက်တယ်လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားက သြဂုတ် ၂၃ ရက်မှာ ပြောပါတယ်။
ဖရူဆိုအရှေ့ခြမ်းက ကျေးရွာတွေထဲကို ကင်းလှည့်တဲ့ စစ်ကြောင်းလာလို့ ဒေသခံပြည်သူတွေကို လုံခြုံရေးယူပေးရင်း ကယ်ထုတ်ချိန် ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “ခေါင်းတွေ ရိုက်ခွဲခံရတယ်။ မျက်လုံးတွေ ဖောက်ထုတ်ခြင်း ခံရတယ်လို့ ကိုယ်တိုင်မြင်တဲ့သူက ပြောပြတယ်။ ဖရူဆိုအရှေ့ခြမ်းဘက် စစ်ကောင်စီတွေ ရွာတွေ ထိရောက်လို့ စစ်ရှောင်ရတယ်။ ကယ်ဆယ်ရေးလုပ်ရင်း သတ်ဖြတ်ခံရတာ” လို့ ပြောပါတယ်။
အသက် ၂၆ နှစ်အရွယ် ခူးဖဲသူ ဟာ သြဂုတ် ၂၀ ရက်နေ့က ကင်းလှည့်တဲ့စစ်ကြောင်းနဲ့တွေ့ပြီး သတ်ဖြတ်ခံရလို့ ကျဆုံးခဲ့ရကာ ၂၁ ရက်နေ့မှာ အလောင်းကို ပြန်ရတာကြောင့် ၂၂ ရက်နေ့မှာ ကောင်းကောင်းမွန်မွန် ဈာပနပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေး ဆေးအိတ်နဲ့ ကျည်ကာတွေပါ စစ်တပ်က သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ အမှတ် ၁၄ တန်းမြင့်သင်တန်းကျောင်းကနေတဆင့် ဖရူဆိုအရှေ့ခြမ်းကရွာတွေကို စစ်ကြောင်းထိုးတာ၊ ကင်းလှည့်တာတွေကြောင့် ပြည်သူတွေဟာ တောတောင်တွေထဲ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖရူဆိုအရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို နေ့စဥ်နီးပါး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သြဂုတ်လအတွင်း ကလေးငယ်တယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များသလို နေအိမ်ပျက်စီးမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။











