DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ရန် မြန်မာစစ်အာဏာရှင်ကို နိုင်ငံတကာ တိုက်တွန်း 
DVB
·
February 1, 2025
အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ရန် မြန်မာစစ်အာဏာရှင်ကို နိုင်ငံတကာ တိုက်တွန်း 
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့နဲ့ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့  နိုင်ငံတကာအသိုက်အဝန်းက မြန်မာစစ်အာဏာရှင်ကို တိုက်တွန်းလိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက် ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့်တဲ့အပေါ်  သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

လက်ရှိမြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ မြန်မာနိုင်ငံအတွက်ရော ဒေသတွင်းနိုင်ငံတွေအတွက်ပါ ရေရှည်အကျိုးဖြစ်ထွန်းစေမှာမဟုတ်ကြောင်းနဲ့ အခုအချိန်ဟာ မြန်မာစစ်အာဏာရှင်အနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်တဲ့  အချိန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့နဲ့ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်စေတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ပထမဆုံး ခြေလှမ်းတွေဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းချိန်ကစပြီး မြန်မာပြည်သူပြည်သားတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ ဒီမိုကရေစီမျှော်လင့်ချက်တွေ ပျောက်ကွယ်ဆုံးရှုံးနေပြီး ထောင်ပေါင်းများစွာသောပြည်သူတို့ရဲ့ လွတ်လပ်မှုနဲ့ အသက်အိုးအိမ်ကိုပါ ဆုံးရှုံးခဲ့ကြရတယ်၊ မြန်မာစစ်အာဏာရှင်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မအခြေပြုအကြမ်းဖက်မှု၊ ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် စနစ်တကျ နှိပ်ကွပ်မှုနဲ့ ခွဲခြားဆက်ဆံမှု အပါအဝင် အကြမ်းဖက်မှုတွေ အရှိန်မြှင့်ဆောင်ရွက်နေတာကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချထားပါတယ်။ 

ဒါ့အပြင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးစေပြီး စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ဝတ်ပြုရာနေရာတွေနဲ့ ဆေးရုံ၊ဆေးခန်းတွေ ပျက်စီးစေခဲ့ကာ တိုက်ခိုက်မှုတွေဟာ ၂၀၂၁ ခုနှစ်ကထက် ၂၅ ဆနီးပါးတိုးမြင့်လာတဲ့အကြောင်းနဲ့ တရက်ကို လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှ ၃ ကြိမ်ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

၂၀၂၅ ခုနှစ်မှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်ဟာ အာဏာသိမ်းစကထက် အဆ ၂၀ ပိုမိုတိုးမြင့်လာခဲ့တယ်၊ နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံ ဖြစ်တဲ့ ၁၉ ဒသမ ၉ သန်းကျော်က လူသားချင်းစာနာမှုဆိုင်ရာ အခြေခံအထောက်အပံ့တွေလိုအပ်နေနတယ်၊ ခန့်မှန်းခြေ ၁၅ ဒသမ ၂ သန်းလောက် စားနပ်ရိက္ခာထောက်ပံ့မှုကို လိုအပ်နေတယ်၊ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့ရသူ စုစုပေါင်း  ၃ သန်းခွဲ ကျော်ရှိနေပြီလို့ သိရပါတယ်။ 

အကြမ်းဖက်မှုတွေချက်ချင်းလျှော့ချဖို့နဲ့ နိုင်ငံတဝန်းသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အတားအဆီးမရှိ အပြည့်အဝ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေဖို့ မြန်မာစစ်တပ်ကို တောင်းဆိုလိုက်ပြီး အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေး ဦးစားပေးဆောင်ရွက်ဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတို့ကို အပြည့်အဝ လိုက်နာကျင့်သုံးဖို့ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးကို နိုင်ငံတကာအသိုက်အဝန်းက   တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီကတော့  ဇန်နဝါရီ ၃၁ ရက် နေပြည်တော်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပပြီး နိုင်ငံတော်အာဏာ သိမ်းယူထားတဲ့ သက်တမ်းကို နောက် ၆ လ သက်တမ်းထပ်တိုးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013