
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်သပိတ်လူငယ် ၄ ယောက်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့တရားစွဲပြီး အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တယ်လို့ တကသကျောင်းသားဟောင်းများအင်အားစုက ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ပါတယ်။
တကသကျောင်းသားဟောင်းများအင်အားစုရဲ့ တွဲဖက်တည်ထောင်သူ အလွတ်တမ်းဓာတ်ပုံ သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ကိုဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ)မဲကြီး၊ လူငယ်သပိတ်ကော်မတီဝင် မမြမဉ္ဇူနဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းအိခိုင်ဟို့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရန်ကုန်မြို့မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
ဒီနောက် အမှုရင်ဆိုင်နေကြရာကနေ ဇန်နဝါရီ ၃၁ ရက်မနေ့က အင်းစိန်ထောင်တွင်း စစ်ကောင်စီတရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တာ ဖြစ်ပါတယ်။
တကသ ကျောင်းသားဟောင်းများ အင်အားစုအနေနဲ့ ရဲဘော်ရဲဘက်တွေအခုလို ဖမ်းဆီး အကျဉ်းကျခံနေရပေမဲ့ စစ်အာဏာရှင်တော်လှန်ရေးကို မရပ်တန့်ဘဲဆက်လက်ကြိုးပမ်း သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။