ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်၊ အားကစားနဲ့ လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံတို့ကို တာဝန်ကနေ အနားပေးတယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီနောက် စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ၃ ရဲ့ ဝန်ကြီးအဖြစ် ဦးမောင်မောင်တင့်၊ အလုပ်သမားဝန်ကြီးအဖြစ် ဦးချစ်ဆွေ၊ အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးအဖြစ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဖြစ်သူ Jeng Phag နော်တောင်၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးအဖြစ် ဦးကျော်စိုးဝင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးအဖြစ် ဦးခွန်သန့်ဇော်ထူးတို့ကို ခန့်တယ်လို့လည်း ကြေညာပါတယ်။
ပြီးတော့ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးအဖြစ် ပြောင်းလဲပြီး နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကိုလည်း ပြည်ထဲရေးဝန်ကြီးအဖြစ် အပြန်အလှန်ပြောင်းလဲလိုက်ပါတယ်။
ပညာရေး ဒု ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းကိုလည်း တာဝန်ကနေ အနားပေးပြီး ဦးနေမျိုးလှိုင်ကို အစားထိုးခန့်အပ်သလို ပြည်ထဲရေးဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ်အောင်ကျော်ကျော်ကို ခန့်တယ်လို့ ကြေညာပါတယ်။
မူလက စစ်ကောင်စီမှာ အဖွဲ့ဝင်တွေအဖြစ်ပါဝင်တဲ့ ဦးရွှေကြိမ်းနဲ့ ဦးရန်ကျော်တို့ကိုလည်း စစ်ကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့ဝင်တွေအဖြစ်ပြောင်းလဲတာဝန်ပေးတာကို တွေ့ရပါတယ်။
လက်ရှိမှာတော့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီမှာ သူအပါအဝင် အဖွဲ့ဝင် ၁၆ ယောက်ရှိပြီး သူ့ရဲ့ အစိုးရအဖွဲ့မှာတော့ ၃၅ ယောက်ရှိပါတယ်။