
မကွေးတိုင်း၊ စလင်းမြို့ရဲ့ မြောက်ဘက် ၄ မိုင်အကွာမှာရှိတဲ့ အုန်းတောရွာနဲ့ ကညှပ်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၉ ရက်နဲ့ ၃၀ ရက် ၂ ရက်တာ ရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ စလင်းမြို့ တောဆိပ်မှာရှိတဲ့ ၂၅၃၊ ၂၅၄၊ ၂၅၅ စစ်တပ်ကနေ အင်အား ၂၀၀ နဲ့ ထွက်လာတဲ့စစ်ကြောင်း ဖြစ်ပါတယ်။
ဒေသခံရွာသားတယောက်က “စစ်ကြောင်းက ဇန်နဝါရီ ၂၇ ရက်နေ့ကတည်းက ထွက်လာပြီး ကျနော်တို့ မိုးဝင်းရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲစဖြစ်တာဗျ။ ဇန်နဝါရီ ၂၇၊ ၂၈ နှစ်ရက်စလုံး နေ့ရော ညပါ တိုက်ပွဲဖြစ်ကြတာဗျ။ အဲလိုတိုက်ပွဲဖြစ်ပြီး ၂၉ ရက်နေ့ နေ့ခင်းပိုင်းမှာ အုန်းတောရွာကို မီးရှို့တယ်ဗျ။ ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ခင်းပိုင်းမှာ ကညှပ်ရွာကို မီးရှို့နေပါတယ်ဗျ။ စစ်ကြောင်းကလည်း ရွာထဲက မထွက်သေးဘူး။ အဲဒါကြောင့် ရွာမီးလောင်တာကို ရွာရဲ့အပြင်ကနေ ကြည့်နေရပါတယ်ဗျ။ ရွာထဲလည်း မဝင်ရဲသေးဘူး။ အဲလိုမဝင်ရဲသေးတော့ မီးလောင်တဲ့ အိမ်အလုံးအရေအတွက်လည်း ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
ကညှပ်ရွာဟာ အိမ်ခြေ ၃၀၀ နီးပါးခန့်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်နေတာကြောင့် မိုးဝင်းရွာ အပါအဝင် သရက်ချင်နဲ့ အုန်းတောရွာ၊ ကညှပ်ရွာအနီးအနားက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတာ ၄ ရက်အထိ ရှိနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုကြာစီက “မြေပြင်စစ်ရေးအခြေအနေက ဘာမှပြောလို့မရသေးဘူးအစ်ကို။ စစ်ရေးအခြေအနေကတော့ နှစ်ဖက်တင်းမာနေဆဲပါဗျ။ စခတွေဘက်ကတော့ ထုံးစံအတိုင်း စစ်ရှုံးလို့ မဆိုင်တဲ့ပြည်သူအိမ်တွေကို မီးရှို့တာတွေ လုပ်ဆောင်နေတယ်” လို့ ပြောပါတယ်။
စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်သူတွေ စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အရေးပေါ် ဆေးဝါးတွေလည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။