DVB Logo
Home
Lead Story
စစ်ကိုစစ်ဖျက် စစ်ချေးတက် 
DVB
·
January 31, 2025
စစ်ကိုစစ်ဖျက် စစ်ချေးတက် 
Donate to DVB

မြန်မာစကားမှာ သံကိုသံဖျက် သံချေးတက်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ သံကို သံကနေဖြစ်လာတဲ့ သံချေးက ဖျက်ဆီးတတ်သလိုပဲ မိမိကိုယ်ကိုယ် မိမိလုပ်ရပ်ကပင် ဖျက်ဆီးတတ်တယ်၊ ကိုယ့်ကိုယ်ကိုယ်ဖျက် ကိုယ်လျှင်ပျက်၊ သံကိုသံဖျက် သံချေးတက်တဲ့သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။

သံပြားတွေ၊ သံထည်တွေပေါ်က သံချေး (rust) ဆိုတဲ့ လိမ္မော်နီရောင် အမှုန့်လေးတွေထဲမှာ Hydrated iron(III) oxide, Fe2O3.xH2O အဓိက ပါဝင်ပါတယ်။ သံချေးတက်ဖို့ဆိုတာ ရေနဲ့ အောက်စီဂျင် နှစ်မျိုးစလုံးရှိဖို့ လိုအပ်ပြီး သူတို့ထဲက တခုခုမရှိခဲ့ရင် သံချေးတက်ခြင်း မဖြစ်ပွားနိုင်ပါဘူး။

သံချေးတက်တယ်ဆိုတာ သံထည် သတ္တုနဲ့ သတ္တုစပ်တွေမှာ ပျက်စီးယိုယွင်းခြင်းပုံစံတမျိုးပဲ ဖြစ်ပါတယ်။ လေထဲက အောက်စီဂျင် ဒါမှမဟုတ် ရေနဲ့ သူတို့ရဲ့ အနီးပတ်ဝန်းကျင်မှာရှိကြတဲ့ အခြားအရာဝတ္တုတွေနဲ့ ဓာတ်သဘောအရ ထိတိုက် ဓာတ်ပြုမိတဲ့အခါ ဖြစ်ပွားတဲ့ ပျက်စီးမှုဖြစ်စဉ်တခု ဖြစ်ပါတယ်။ ဥပမာ ဆားကလည်း သံချေးတက်ခြင်းကို အားပေးပါတယ်။ သံချေးတက်တာကို အောက်မှာ‌ ရေးပြထားတဲ့နည်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။

၁။ ဆေးသုတ်ကာကွယ်ခြင်း (Painting)

၂။ ဆီသုတ်/အမဲဆီထိုးကာကွယ်ခြင်း (Oiling/greasing)

၃။ သတ္တုရည် ခရိုမီယမ်ရည်စိမ်ကာကွယ်ခြင်း (Plating - electroplated with chromium)

၄။ သွပ်ရည်စိမ်ကာကွယ်ခြင်း (Galvanising)

၅။ ကြားခံသတ္တုထား ကာကွယ်ခြင်း (Sacrificial protection)

ထို့အတူပါပဲ မြန်မာနိုင်ငံမှာ တိုင်းပြည်လွတ်လပ်ရေးရယူဖို့ ဖွဲ့စည်းခဲ့တဲ့ စစ်တပ်ဟာ လွတ်လပ်ရေးရပြီး ၁၀ နှစ်ကျော်အကြာမှာ ကိုယ်ကျင့်သီလ ယုတ်ညံ့တဲ့ စစ်ခေါင်းဆောင်ဆိုးတွေ အုပ်စီးခွင့်ရတဲ့အခါမှာတော့ သံကို သံဖျက် သံချေးတက် ဆိုသလို အကျင့်စာရိတ္တယုတ်ညံ့၊ အသိဉာဏ်ခေါင်းပါးတဲ့ နောက်လိုက်ဆိုး စစ်ဗိုလ်၊ စစ်သားဆိုးတွေ စုဝေးလာခွင့်ကြုံလာရတာမို့ စစ်ကိုစစ်ဖျက် စစ်ချေးတက်ခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာစစ်ဓားပြတပ်ဟာ ဆိုးရွားယုတ်မာတဲ့ ခေါင်းဆောင်ဆိုးတွေ လွှမ်းမိုးအုပ်စီးခံရတာကို မဖယ်ရှားနိုင်ဘဲ နှစ်ရှည်လများ လမ်းမှားပေါ်လျှောက်ခဲ့ရတဲ့ အဖွဲ့အစည်းဖြစ်တာမို့ နောက်လိုက်ဆိုး ဒုဇ္ဇန၊ ဗာလန၊ ကီနာသ ဆိုတဲ့ သူယုတ်၊ လူမိုက်၊ သားသတ်သမားတွေ စုဝေးခို‌အောင်းရာ စစ်မိစ္ဆာသားရဲတွင်းကြီးအဖြစ်ကို ရောက်ရှိခဲ့ရပြီး ပျက်စီးကိန်းကြုံရမှာ ဓမ္မတာတရပ် ဖြစ်ပါတယ်။

သံဆိုတဲ့ သတ္တုရဲ့သဘာဝဟာ ဓာတ်မပြုနိုင်အောင် ကာကွယ်မထားဘူးဆိုရင် အနီးနားပတ်ဝန်းကျင် လေထဲက အောက်ဆီဂျင်နဲ့ ရေငွေ့တွေနဲ့ ထိတွေ့မိတာနဲ့ ဓာတ်ပြုလို့ သံချေးတက် ပျက်စီးရသလို လူတွေနဲ့ စုဝေးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီပဲဖြစ်ဖြစ် သီလ သမာဓိ ပညာတွေနဲ့ အကာအကွယ်မပြုထားနိုင်ရင် လက်နက်၊ အာဏာ၊ ဓနဥစ္စာတွေနဲ့ ထိတွေ့မိတာနဲ့ သံချေးတက်သလို စစ်ချေး၊ နိုင်ငံရေးချေးတက်ပြီး ပျက်စီးကြရတာ ဖြစ်ပါတယ်။

မူလတပ်မတော်ရဲ့ တာဝန်ကို မထမ်းဆောင်တော့ဘဲ အမည်ကိုသာ ဆက်ခံယူထားတဲ့ အာဏာရှင်လက်ပါး‌စေတပ်နဲ့ သူ့ရဲ့ကိုယ်ပွား ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ဟာလည်း ကိုယ်ကျင့်သီလကောင်းတွေနဲ့ အကာအကွယ်မယူ၊ မှန်ကန်တဲ့ အသိဉာဏ်ကောင်းတွေနဲ့ အကာအကွယ် မရှိခဲ့ကြလေတော့ ဗိုလ်နေဝင်း လက်ထက်ကနေ ဒီကနေ့ မင်းအောင်လှိုင်တို့ လက်ထက် နောက်ဆုံးနေဝင်ချိန်ရောက်လာတဲ့ စစ်ရှုံးစစ်ဓားပြတပ်မှာ လူဆိုးလူမိုက်တွေ၊ အောက်တန်းစား စစ်ချေးတွေ တက်လာခဲ့ပါတော့တယ်။

ဘုရင်ရူး ရူးတဲ့ သူယုတ်မျိုးတွေ၊ နယ်လှည့်ပါးရိုက်အုပ်ချုပ်လာတယ်ဆိုတဲ့ လူမိုက်တွေ၊ စစ်အခွင့်ထူးခံတပ်က မောင်မောင်ခေါ်တုန်း ဗျာမထူးရင် ဘူးလက်နဲ့ခေါ်မယ်ဆိုတဲ့ လူ့အန္ဓတွေ၊ ပြည်သူကို ထမင်းဝဝ စားထားကြလို့ ခြိမ်းခြောက်တဲ့ လူ့ဗာလတွေ၊ ပြည်သူတွေလှူတဲ့ ငွေဝတ္ထုတွေ ခံစားသုံးဆောင်ပြီး ဘုရားရှင်အဆုံးအမနဲ့ ဆန့်ကျင်ပြီး အဓမ္မဘက်မှာ ရပ်တည်ကြတဲ့ အလဇ္ဇီ ရဟန်းဆိုးတွေ စတဲ့ မကောင်းဆိုးဝါး တိရစ္ဆာန်တွေ စုဝေးမြူးထူးသောင်းကျန်းလာတဲ့ သားရဲတွင်းကြီးပမာ ဂုဏ်ကျက်သရေမဲ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်ခေတ် နှစ် ၆၀ ကျော်အတွင်းမှာ စစ်ချေးတွေ အထပ်ထပ်တက်၊ စစ်ချေးကိုက် ပျက်စီးလာမှုဟာ အခုနောက်ဆုံးအဆင့် သမ္မတရူး မင်းအောင်လှိုင် လက်ထက်မှာ အဆိုးဝါးဆုံးအဆင့်ကို ရောက်ရှိခဲ့ရပါတယ်။ ဆင်းရဲသား မိဘပြည်သူသားသမီး လူငယ်လူရွယ်တွေရဲ့ အသက်နဲ့ ဘဝကို ချနင်းပြီး စစ်မှုထမ်းဥပဒေနဲ့ လုပ်စားနေကြတဲ့ စစ်ကျွန် လူ့လောက်လန်းတွေ အပါအဝင် လက်ရှိ စစ်ဓားပြတပ်ထဲမှာရှိတဲ့ စစ်ဗိုလ် စစ်သား၊ ရဲအုပ် ရဲသားတိုင်း ၁၀၀ ရာခိုင်နှုန်းပြည့် ခွင့်မလွှတ်ထိုက်တဲ့ အပြစ်တွေ ကျူးလွန်ကြရင်း ပြင်ဆင်လို့ မရနိုင်အောင် ပျက်စီးသွားရတဲ့ စစ်ချေး၊ ရဲချေး အထပ်ထပ်တက်သွားတာကို ပြည်သူအားလုံး လောကငရဲ ကျခံရသလို နာကျင်စွာ ခံစားနေရမှုတွေက သက်သေဖြစ်ခံနေပါတယ်။

စစ်သားက စစ်သားအလုပ်မလုပ်၊ ရဲသားက ရဲသားအလုပ် မလုပ်ကြတော့ဘဲ လူသတ်၊ ဓားပြတိုက်၊ မီးရှို့၊ အိမ်လု၊ မြေလုတဲ့အလုပ်တွေ ပြောင်ပြောင်တင်းတင်း လုပ်နေကြပါပြီ။ စစ်ဗိုလ်တွေ မူးယစ်ဆေးဝါးသယ်တာ၊ ရဲအုပ်က လောင်းကစားဝိုင်းထောင်၊ အကောက်ကောက်၊ ပြည့်တန်ဆာ လုပ်ငန်းတွေဆီက ဆက်ကြေးတောင်း၊ အရိုးသားဆုံးဆိုတဲ့ စစ်သားတောင် အခွင့်ထူးခံခွင့်တွေ၊ ဓားပြတိုက်ရာပါ ခွဲတမ်းရတာနဲ့တူတဲ့ မြေကွက်တွေ၊ တိုက်ခန်းတွေ၊ လုပ်ငန်းလုပ်ပိုင်ခွင့်၊ ဓာတ်ဆီခွဲတမ်း၊ ဘာခွဲတမ်း၊ ညာခွဲတမ်းတွေ ပေးထားတော့ မိဘပြည်သူကို သတ်ဖြတ် အနိုင်ကျင့်နေတဲ့ စစ်အာဏာရှင်စနစ် အသက်ဆက်နိုင်အောင် အဓမ္မဘက်က ရပ်တည် အလုပ်လုပ်ပေးကြရင်း လူသတ် မုဒိမ်းအမှုတွဲ၊ စစ်ရာဇဝတ်အမှုတွဲတွေ ဖြစ်သွားကြရပါပြီ။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် သံကိုသံဖျက် သံချေးတက် ဆိုသလို တနိုင်ငံလုံးနဲ့ ပြည်သူလူထုကို ဒုက္ခအမြင့်ဆုံးပေးနေတဲ့ စစ်အာဏာရှင် ဓားပြတပ်ဟာ ခေါင်းဆောင်ဆိုးတွေရဲ့ လက်အောက် နှစ်ပေါင်း ၆၀ ကျော် စစ်ကိုစစ်ဖျက် စစ်ချေးတက်လို့ အကြွင်းမဲ့ ပျက်စီးကိန်း ကြုံလာရပြီ ဖြစ်ပါတယ်။

သံချေးဆိုတာ ဘယ်တော့မှ သံကောင်းပြန်မဖြစ်နိုင်တော့သလို စစ်ချေး၊ ရဲချေး၊ နိုင်ငံရေးချေးတွေ ဆိုတာလည်း ဘယ်သောအခါမှ စစ်သားကောင်း၊ ရဲသားကောင်းတွေ၊ နိုင်ငံရေးသမားကောင်းတွေအဖြစ် ပြန်ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ အနာပဆုပ်ကြီးထဲက ပြည်သွေးပုပ်တွေဟာ ဘယ်တော့မှ အသားအသစ် ပြန်မဖြစ်တော့ဘဲ အနာပြည်မှည့် ရင်းတဲ့အခါ ပြည်သွေးပုပ်တွေ စီးယိုပေါက်ထွက်လို့ ရှင်းလင်းသုတ်သင်ခြင်း ခံကြရသလို စစ်ချေး၊ ရဲချေးတွေဟာလည်း မြန်မာ့လူ့ဘောင်အဖွဲ့အစည်းထဲကနေ ဖယ်ထုတ် အပြစ်ပေး အရေးယူခံကြရမှာ မလွဲဧကန် အမှန်ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013