DVB Logo
Home
မြန်မာသတင်း
အသက် ၁၈ မှ ၃၅ နှစ်အထိ အမျိုးသားများကို OWIC ကတ် ထုတ်ပေးမှု ရပ်နား
DVB
·
January 30, 2025
အသက် ၁၈ မှ ၃၅ နှစ်အထိ အမျိုးသားများကို OWIC ကတ် ထုတ်ပေးမှု ရပ်နား
Donate to DVB

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသားတွေကို ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC) ထုတ်ပေးတာကို ဇန်နဝါရီ ၃၀ ရက် ဒီနေ့ကစပြီး ရပ်နားလိုက်တယ်လို့ အဲဒီကတ်နဲ့ပတ်သက်ပြီး ဝန်ဆောင်မှု ပေးနေသူတွေဆီက သိရပါတယ်။

ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်သူတွေအနေနဲ့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတဲ့ OWIC ကတ်ရှိမှ လေဆိပ်ကနေ ထွက်ခွာခွင့်ရတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက အသက် ၂၃ ကနေ ၃၂ နှစ်အတွင်း အမျိုးသားတွေကို OWIC ကတ် ထုတ်ပေးတာ ရပ်နားခဲ့တာရှိပြီး အခု အသက်အကန့်အသတ်ကို ထပ်တိုးလိုက်တာလို့ ဝန်ဆောင်မှု ပေးနေသူတွေက ဆိုပါတယ်။

OWIC ကတ်ပြုလုပ်ဖို့ ဝန်ဆောင်မှုပေးနေသူတယောက်က “အမျိုးသမီးတွေကတော့ ရသေးတယ်။ ဒီနေ့ကစပြီး အမျိုးသားတွေကို ထပ်ကန့်သတ်လိုက်တဲ့သဘောပဲ။ ယာယီလို့လည်း ပြောတယ်” လို့ ပြောပါတယ်။

အဲဒီလို အမျိုးသားတွေကို OWIC ကတ် ထုတ်ပေးတာ ရပ်လိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဘက်က အသိပေးထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင် ဦးဆောင်တဲ့ ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ လုပ်သားစေလွှတ်ရေး မူဝါဒအသစ်တွေ ထည့်သွင်းပြောခဲ့တာမပါဘဲ အစည်းအဝေးပြီးတဲ့နောက် OWIC ကတ် ထုတ်ပေးတာ ကန့်သတ်တဲ့သတင်း ထွက်လာတာလည်း ဖြစ်ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တယောက်က “စာထွက်ပြီး အသိပေးတာမျိုးတော့ မရှိသေးဘူး။ အမျိုးသမီးတွေကို ဆက်ထွက်ခွင့် ပေးထားမယ် ဆိုတာမျိုးတော့ ဒီရက်ပိုင်းထဲ ကြားရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက်မှာ လူငယ်အမျိုးသားတွေ ပြည်ပထွက်ခွာခွင့်ကို တင်းတင်းကျပ်ကျပ် တားဆီးတာတွေ လုပ်လာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အတည်ပြုလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာလည်း စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့သူတွေ ပြည်ပထွက်ခွာခွင့် တားဆီးတဲ့ အချက်ကို ထည့်သွင်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013