
ခွင့်ပြန်အလုပ်သမားတွေ ပြည်ပထွက်ခွာခွင့်တင်ချိန်မှာ OWIC မှာပါတဲ့ အချက်အလက်နဲ့ ကွဲလွဲနေရင် ကတ်ကို ပြန်လဲလှယ်ပေးမှာဖြစ်ပြီး ထွက်ခွင့်ပြန်တင်နိုင်တယ်လို့ စစ်အာဏာရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။
အရင်က ခွင့်ပြန်အလုပ်သမားတွေရဲ့ ပြည်ပထွက်ခွင့်တင်ပြတဲ့ အချက်အလက်နဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) မှာပါတာ ကွဲလွဲနေရင် ထွက်ခွင့်မပေးဘဲ ဖြေရှင်းချက် တောင်းခံခဲ့တာဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ ထွက်ခွာခွင့်နဲ့ OWIC မှာပါတဲ့ အချက်အလက်မတူရင် ကတ် ပြန်လဲလှယ်ပေးမှာဖြစ်ပြီး အနည်းဆုံး ပြန်လည်မထွက်ခွာခင် ရက်သတ္တပတ် အလိုကြိုပြီး စာရွက်စာတမ်း အပြည့်အစုံနဲ့ ပြန်တင်ပြဖို့ အသိပေးလာတာ ဖြစ်ပါတယ်။
ပြည်ပထွက်မဲ့ အလုပ်သမားတွေအတွက် လိုအပ်တဲ့ ဝန်ဆောင်မှု ပေးနေသူတယောက်က “ဖြေလျှော့ပေးတယ် ဆိုတဲ့ သဘော ဖန်တာ၊ နဂိုကတည်းက မလိုအပ်တာကို ကန့်သတ်ထားပြီး ခက်ခဲအောင်လုပ်တယ်။ ပြီးမှဖြေလျှော့တယ်ပေးပါတယ် ဆိုတဲ့အကွက်ပဲ။ သူတို့ရဲ့ ရက် ၁၀၀ စီမံချက် အကြောင်းပြပြီး အမှတ်ယူရုံ သက်သက်ပဲ” လို့ ပြောပါတယ်။
စစ်အုပ်စုဟာ အခုနှစ်ဆန်းလောက်ကတည်းက ပြည်ပကနေ ခွင့်ပြန်အလုပ်သမားတွေကို ပြန်ထွက်ဖို့အတွက် အခက်တွေ့အောင် နည်းမျိုးစုံနဲ့ ကန့်သတ်တားဆီးတာတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။
အရင်ဦးဆုံးအနေနဲ့ ခွင့်ပြန်လုပ်သားတွေ ပြည်ပပြန်ထွက်ဖို့ အီးမေးလ်က တင်ထားတာပြရုံနဲ့ ထွက်ခွာခွင့်ရတာကနေ စာလမ်းကြောင်းနဲ့ တင်ပြလျှောက်ထားစေပြီး ထွက်ခွာခွင့်နာမည်စာရင်းကျမှ လေဆိပ်ကနေ ထွက်ရမယ်ဆိုတဲ့ ကန့်သတ်တာတွေလုပ်လာခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အလုပ်သမားတွေရဲ့ အလုပ်ရှင်ဆီ ဆက်သွယ်လို့ရမဲ့အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်ပေးဖို့လည်း သတ်မှတ်ခဲ့ပြီး သက်ဆိုင်တဲ့နိုင်ငံက စစ်အုပ်စုသံရုံးကနေ ခွင့်ပြန်အလုပ်သမား အမှန်တကယ် ဟုတ်၊ မဟုတ် ဆက်သွယ်အတည်ပြုချက်ရမှ ပြန်ထွက်ခွင့်ပေးတာမျိုးလည်း ကျင့်သုံးလာခဲ့တာ ဖြစ်ပါတယ်။
အခုနောက်ဆုံးမှာ ခွင့်နဲ့ ပြည်တွင်းဝင်ရောက်မဲ့အလုပ်သမားတွေဟာ အလုပ်ရှင်ဆီက ခွင့်စာပြပြီး သက်ဆိုင်တဲ့နိုင်ငံမှာ အခကြေးငွေ ပေးသွင်းကာ ထောက်ခံစာယူလာရမယ်ဆိုတဲ့ ကန့်သတ်ချက် အသစ်ကိုလည်း စစ်အုပ်စုက ထပ်တိုးသတ်မှတ်ထားပါတယ်။
ခွင့်ပြန်အလုပ်သမားအသွင်ယူပြီး ပြည်ပထွက် အလုပ်လုပ်ဖို့ ကြံစည်အားထုတ်သူတွေ ရှိနေတာကြောင့် စိစစ်ကြပ်မတ်နေရတာလို့ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း မဖော်ဆောင်ပေးနိုင်တဲ့ စစ်အာဏာရှင်တွေက အကြောင်းပြချက်ပေးထားပါတယ်။











