
စိစစ်တာတွေလုပ်ပြီးဖြစ်တဲ့ ခွင့်ပြန်အလုပ်သမားတွေ ၆၀၀ ကျော်ကို ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ထုတ်ပေးသွားမယ်လို့ စစ်အုပ်စုလက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက မေ ၁၁ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ပြည်ပကနေ ခွင့်နဲ့ပြန်လာပြီး OWIC ကတ်လုပ်ဖို့ လျှောက်ထားခဲ့ကြတဲ့ အလုပ်သမား ၆၀၆ ယောက်ကို လိုအပ်တဲ့ စိစစ်တာတွေလုပ်ပြီးဖြစ်လို့ စစ်အာဏာရှင်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်အဖြစ် မေ ၁၁ ရက်ကနေ ၂၂ ရက်အတွင်း ကတ်ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။
စစ်အုပ်စုအနေနဲ့ ပြည်ပကခွင့်ပြန် အလုပ်သမားတွေကို OWIC ကတ်လုပ်ဖို့နဲ့ ပြည်ပ ထွက်ခွာခွင့်အတွက် မလိုအပ်တဲ့ တင်းကျပ်မှုတွေနဲ့ ထိန်းချုပ်တဲ့လုပ်ငန်းစဥ်တွေ ချမှတ် လုပ်ဆောင်ခဲ့ပြီး ပြန်ပြီးဖြေလျှော့ပေးသယောင်နဲ့ အသုံးချတာလို့ ပြည်ပရောက် မြန်မာလုပ်သားတွေက ဆိုပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာလုပ်သားတယောက်က “လုပ်ပေးချင်ရင် ရတဲ့ကိစ္စကို တမင် အခက်တွေ့အောင် လုပ်ထားခဲ့တာလေ၊ အခုလို လုပ်ပေးတာ ကျေးဇူးတင်စရာ ဘာအကြောင်းမှ မရှိဘူး” လို့ ပြောပါတယ်။
ဆက်လက်ပြီး စစ်အုပ်စုက ခွင့်ပြန်အလုပ်သမားတွေကို အလုပ်အကိုင်အခွင့်အလမ်း မဆုံးရှုံးရအောင် OWIC ကတ်အသစ် လုပ်တာ၊ သက်တမ်းတိုးတာ၊ ကတ်လဲလှယ်တာတွေအတွက် ထပ်ပြီးလျှောက်ထားလာတာကို အမြန်ဆုံးစိစစ်ပြီး အထောက်အထားမှန်ကန်ရင် တပတ်အတွင်း ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် OWIC ကတ်ရရှိပြီးဖြစ်တဲ့ ခွင့်ပြန်အလုပ်သမားတွေ ပြန်လည်ထွက်ခွာလိုတဲ့ နေ့ရက်ကို သတ်မှတ်ထားတဲ့ စာရွက်စာတမ်းနဲ့အတူ တင်ပြလျှောက်ထားလာရင် ထွက်ခွာရက်အမီ စိစစ်ဆောင်ရွက်ပေးသွားမယ်လို့လည်း စစ်အုပ်စုလက်အောက်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုအနေနဲ့ ခွင့်ပြန်အလုပ်သမားတွေကို OWIC ကတ်လုပ်ဖို့အတွက် အချိန်လချီ စောင့်ဆိုင်းစေတာမျိုးတွေ ရှိနေသလို ပြန်လည်ထွက်ခွာခွင့်အတွက် တင်ပြလျှောက်ထားတဲ့ အလုပ်သမားရဲ့ အလုပ်ရှင်က ဖုန်းမကိုင်လို့ဆိုတဲ့ အကြောင်းပြချက်ပေးကာ ထွက်ခွင့်မချပေးတဲ့ လုပ်ရပ်တွေရှိနေတာ ဖြစ်ပါတယ်။
အခုနောက်ဆုံးမှာ ခွင့်နဲ့ပြန်လာမဲ့သူတွေကို အလုပ်ရှင်ဆီက ခွင့်စာပြပြီး သံရုံးရဲ့ထောက်ခံစာ ယူရမယ်လို့ ညွှန်ကြားချက်အသစ် ထုတ်ထားပြီး မြန်မာနိုင်ငံသားတွေ ပြည်တွင်းပြန်ဝင်ဖို့အတွက် သံရုံးတွေကို ထောက်ခံစာကြေး ပေးသွင်းနေကြရတဲ့ အခြေအနေ ရောက်ရှိနေပါတယ်။










