DVB Logo
Home
မြန်မာသတင်း
စင်ကာပူရောက် မြန်မာလုပ်သားများ မိခင်နိုင်ငံသို့ ခွင့်ပြန်ရန် စိုးရိမ်ပူပန်နေကြရ
ဝေဝေ
·
June 11, 2026
Photo: DVB
Photo: DVB
Donate to DVB

စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံဆီ ခွင့်နဲ့ ပြန်ဖို့တောင် မရေရာတဲ့ စိုးရိမ်စိတ်တွေနဲ့ ပူပန်နေကြရတယ်လို့ နေရပ်ပြန်လိုသူတွေက ပြောပါတယ်။

ပြည်ပရောက် မြန်မာအလုပ်သမားတွေအတွက် OWIC မှတ်ပုံတင်စနစ်၊ ထွက်ခွာခွင့် လျှောက်ထားရမှုနဲ့ စစ်မှုထမ်းဥပဒေအပေါ် စိုးရိမ်မှုတွေကြောင့် မိခင်နိုင်ငံဆီ ခွင့်ပြန်ရဖို့က မသေချာ မရေရာမှုတွေ မြင့်တက်လာခဲ့တယ်။

အဓိကအနေနဲ့ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ပြည်ဝင်ခွင့်အခက်အခဲနဲ့အတူ ပြန်လည်ထွက်ခွာခွင့် မရမှာကို စိုးရိမ်ပူပန်နေကြရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ နည်းပညာကျွမ်းကျင်သူတယောက်က “စိတ်ညစ်ရတာကတော့ ပြောမနေပါနဲ့တော့။ ကိုယ့်နိုင်ငံ ကိုယ်ပြန်ဖို့တောင် မပြန်ရဲတာ အဲလိုဖြစ်နေတာ။ တခြား အရှေ့တောင်အာရှနိုင်ငံတွေကို သွားမယ်ဆိုလို့ရှိရင် အချိန်မရွေး ရဲရဲတင်းတင်း လွယ်လွယ်ကူကူ သွားနိုင်ပေမဲ့ ကိုယ့်နိုင်ငံ ကိုယ်ပြန်ဖို့ကို အခုဆို ကြောက်နေရတာ။ ကိုယ့်မှာ အချက်အလက်ရှိတယ် ဆိုရင်တောင်မှ မချပေးဘူး ဆိုလို့ရှိရင် ဘာမှမတတ်နိုင်ဘူး။ အဲလိုမျိုးကိစ္စမျိုးတွေ ဆိုလို့ရှိရင် ဘယ်ကိုမှလည်း လိုက်လို့မရဘူး၊ တာဝန်ယူပြီး လုပ်ပေးမဲ့ သူလည်း မရှိဘူး။ ကိုယ့်နိုင်ငံ ကိုယ်ပြန်ရမှာကို တော်တော်ကြောက်နေရတဲ့ အခြေအနေပဲ” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလတည်းက PJ (Passport for Job) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ Overseas Worker Identification Card (OWIC) ကတ်ပါမှ ပြည်ပနိုင်ငံတွေဆီ ထွက်ခွာခွင့်ရမှာဖြစ်သလို မိမိနိုင်ငံဆီ အလည်အပတ် ပြန်လာမယ် ဆိုရင်လည်း OWIC မပါရင် အသစ်လုပ်ရမယ်လို့ စစ်အာဏာရှင်က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ ပိုမိုတင်းကျပ်တဲ့ စနစ်တွေကို ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

service sector တခုက ကျွမ်းကျင်လုပ်သားတယောက်က “သက်ဆိုင်ရာ သံရုံးကနေ ထောက်ခံစာ ယူရမယ်။ ယူပြီးသွားပြီဆိုရင် အိမ်ပြန်ရောက်တာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အကုန်လုံးရယ်၊ အထောက်အထားတွေ အကုန်လုံး အပြည့်အစုံနဲ့ နေပြည်တော်ကို တင်ရတယ်။ ပြီးတော့ အဲလိုတင်ပြီးရင်တောင်မှ ကျလာဖို့ မကျလာဖို့ဆိုတာ မသေချာ မရေရာတဲ့ အခြေအနေကြီးဆိုတော့ အကုန်လုံး စိတ်ဆင်းရဲရတာပေါ့နော်။ အထူးသဖြင့် PJ သမားတွေဆိုရင် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရတာနဲ့ သံရုံးက ထောက်ခံစာယူရတာနဲ့ဆိုရင် ပိုပြီးတော့ ခက်ခဲသွားပြီလို့ ပြောရမယ်” လို့ ဆိုပါတယ်။

၂၀၂၆ မေ ၁ ရက်ကစလို့ မြန်မာပြည်တွင်းကို အလည်အပတ်ပြန်မဲ့ ခွင့်ပြန်အလုပ်သမားတွေက အလုပ်ရှင်ရဲ့ ခွင့်ပြုစာနဲ့အတူ သံရုံးထောက်ခံစာကို ယူရမှာဖြစ်သလို OWIC ကတ်ထဲက အလုပ်နဲ့ လက်ရှိအလုပ်နဲ့ မတူရင် ပြည်တွင်းကနေ ပြန်လည်ထွက်ခွာခွင့် ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ နည်းပညာကျွမ်းကျင်သူတယောက်က “ဒီ OWIC ကိစ္စတွေ၊ ထွက်ခွာခွင့်တင်တဲ့ကိစ္စတွေ ဖြစ်လာပြီးတဲ့ နောက်ပိုင်းကျတော့ ဘယ်သူမှ အရင်လို လွယ်လွယ်ပြန်လို့မရဘူး။ အနည်းဆုံး ခွင့်နှစ်ပတ်ရမှ ပြန်ရမယ်၊ ထွက်ခွာခွင့် တင်ရမယ်။ တကယ်လို့ သူတို့က ကိုယ့်ဘက်က အချက်အလက်တွေ မှန်ကန်ပြည့်စုံနေပါတယ် ဆိုရင်တောင်မှ ထွက်ခွာခွင့် မချပေးဘူး ဆိုလို့ရှိရင် ဘာမှမတတ်နိုင်ဘူးဆိုတဲ့ မသေချာ မရေရာမှုတွေကြောင့်မို့လို့ ကိုယ့်ရဲ့ထမင်းအိုးကွဲမှာစိုးလို့ ဆိုတဲ့ စိတ်တွေနဲ့ အကုန်လုံးက ပြန်ဖို့ကို လန့်နေကြတာ။ ဒီလို အချက်အလက်တွေ ထုတ်တယ်ဆိုတာလေ ပြည်ပရောက်တဲ့ နိုင်ငံသားတွေကို နှိပ်ကွပ်ဖို့ သက်သက်ပဲ အဲလိုမျိုး ကြံစည်ထားတာလို့ပဲ ထင်တယ်” လို့‌ ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ ထွက်ခွာခွင့် (Permission to Depart) ဆိုင်ရာ စိစစ်မှုတွေ၊ ထွက်ခွာခွင့် လျှောက်ထားတဲ့အခါ Passport၊ OWIC၊ အလုပ်ခန့်စာ၊ Work Permit နဲ့ တခြား လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်ပြည့်စုံစုံ တင်ပြပေမဲ့လည်း ခွင့်ပြုမဲ့အချိန်နဲ့ ရလဒ် မသေချာမှုတွေ ရှိနေတာကြောင့် အလုပ်သမားတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

service sector တခုမှ ကျွမ်းကျင်လုပ်သားတယောက်က “PV ပတ်စ်ပို့ ကိုင်ထားတဲ့သူတွေ ဆိုရင်တော့ ကိုယ် ထွက်လို့ရမလား၊ မရမလား မသေချာ မရေရာတဲ့ အချက်အလက်ကြီးကလည်း ပြန်မဲ့သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေတာပေါ့နော်။ ပြန်တဲ့အခါ သံရုံးကနေ ထောက်ခံစာယူရတာ တခုပေါ့နော်။ ပြီးတော့ ပြန်ထွက်လာမဲ့ အချိန်ကျရင် ကိုယ့်ရဲ့ အချက်အလက်တွေ အကုန်လုံးကို Safe Migration လို page မျိုးမှာ တင်ပြီးတော့ ဖော်ပြထားတာကြီးက Privacy အရ မလုံခြုံဘူးလို့ ခံစားရတာပေါ့” လို့ ပြောပါတယ်။

စစ်အာဏာရှင် ဩဇာခံ အလုပ်သမားဝန်ကြီးဌာနဘက်ကတော့ ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ ထိခိုက်နစ်နာမှုမရှိအောင် လိုအပ်တဲ့ ကူညီမှုတွေ ပေးနိုင်အောင် အခုလို အထောက်အထားတွေ တောင်းခံပြီး စိစစ် တင်းကျပ်ရတာလို့ ပြောဆိုထားပါတယ်။

လက်တွေ့မှာတော့ MOU နဲ့ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေထဲ အခက်အခဲတွေ များစွာကြုံနေရတဲ့ အလုပ်သမားတွေ ရှိသလို လူလိမ်ပွဲစားတွေရဲ့ အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ မြန်မာအလုပ်သမားတွေ အများအပြားရှိနေဆဲ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013