DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက အာဏာသိမ်းသက်တမ်း ထပ်တိုးနိုင်ဟု နိုင်ငံရေးအသိုက်အဝန်းသုံးသပ် 
DVB
·
January 30, 2025
စစ်ကောင်စီက အာဏာသိမ်းသက်တမ်း ထပ်တိုးနိုင်ဟု နိုင်ငံရေးအသိုက်အဝန်းသုံးသပ် 
Donate to DVB

စစ်ကောင်စီက အာဏာသိမ်းထားတဲ့ အရေးပေါ်ကာလသက်တမ်းကို ထပ်မံတိုးယူဦးမှာဖြစ်ပြီး ဒီတခါက နောက်ဆုံးအကြိမ် ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအသိုက်အဝန်းက  သုံးသပ် ပြောဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလိုအဓိပ္ပာယ်ဖွင့်ပြီး နောက်လထဲမှာ ကုန်ဆုံးတော့မယ့် အရေးပေါ်ကာလသက်တမ်းကို ၇ ကြိမ်မြောက်အဖြစ် ထပ်မံတိုးယူသွားနိုင်တယ်လို့ နိုင်ငံရေးအသိုက်အဝန်းက သုံးသပ်ပြောဆိုပါတယ်။

ဒီနှစ်မကုန်ခင်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်းဆောင်က နိုင်ငံတကာကို အသိပေးထားတာကြောင့် ဒီတကြိမ် သက်တမ်းတိုးတာဟာ နောက်ဆုံးအကြိမ်ဖြစ်နိုင်တယ်လို့ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

စစ်ခေါင်းဆောင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့ပြီး အရေးပေါ်ကာလကို ၆ ကြိမ်မြောက် သက်တမ်းတိုးယူပြီးဖြစ်သလို အရေးပေါ်ကာလကို ခွင့်ပြုပေးနိုင်တဲ့ သမ္မတ တာဝန်ကိုပါ အာဏာသိမ်းစစ်ခေါင်းဆောင်က ရယူထားတာပါ။

ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် အာဏာသိမ်းစစ်တပ်ဟာ ဒီတကြိမ် ထပ်မံတိုးယူထားတဲ့ အရေးပေါ်ကာလ ကုန်ဆုံးတဲ့အချိန်မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာပြန်အပ်ရမှာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံက ၆ လအတွင်း ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ခေါင်းဆောင်ဟာ ကာလုံကို ဦးဆောင်မယ့် ယာယီသမ္မတ တာဝန်ကိုပါ ရယူထားတာကြောင့် အာဏာသိမ်းသက်တမ်းကို ရပ်လိုက်ပြီး ရွေးကောက်ပွဲကျင်းပရင်လည်း ထူးခြားလာမှာ မဟုတ်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လတ်တလောဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ သာမန်မဟုတ်တဲ့ကာလကို ဖြတ်သန်းနေရတာကြောင့် စစ်ကောင်စီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ သာမန်မဟုတ်တဲ့ အခြေအနေမှာ အာဏာသက်တမ်းကို ထပ်မံတိုးယူနိုင်တာကြောင့် ဒီတကြိမ်မှာလည်း အရေးပေါ်ကာလကို သက်တမ်းတိုးပြီး ဒီနှစ် နိုဝင်ဘာလထဲမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ဆောင်ရွက်သွားနိုင်တယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ဒီနှစ် နိုဝင်ဘာလထဲမှာ မဲဆန္ဒနယ် ၁၆၁ နေရာမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ဆောင်ရွက်နေသလို ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေကို နိုင်သူအကုန်ယူစနစ် ကျင်းပပြီး ကျန်လွှတ်တော်တွေကိုတော့ အချိုးကျကိုယ်စားပြု PR ရွေးကောက်ပွဲစနစ်နဲ့ ကျင်းပဖို့ စီစဉ်နေပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013