
တောင်ဆူဒန်နိုင်ငံ၊ ယူနတီပြည်နယ်ရှိ ရေနံလုပ်သားတွေကို တင်ဆောင်ထားတဲ့ လေယာဉ်ငယ်တစီးဟာ ဇန်နဝါရီ ၂၉ ရက်က သူ့ရဲ့ ရေနံမြေလေဆိပ်က ပျံတက်ချိန်မှာ ပျက်ကျခဲ့ပြီး ရေနံလုပ်သား အယောက် ၂၀ သေဆုံးခဲ့ကြောင်း ပြည်နယ်ပြန်ကြားရေးဝန်ကြီး ဂတ်ဝပ်ချ် ဘိုင်ပါလ်က ပြောပါတယ်။
လေယာဉ်ဟာ မြို့တော်ဂျူဘာကို ထွက်ခွာဖို့ ပျံသန်းချိန်မှာ ပျက်ကျခဲ့တာပါ။ ခရီးသည်တွေဟာ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းနဲ့ နိုင်ငံပိုင် နိုင်းလ်ရေနံကော်ပိုရေးရှင်းတို့ ပါဝင်တဲ့ လုပ်ငန်းစုတခုဖြစ်တဲ့ ဂရိတ်တား ပိုင်အိုးနီးယား လုပ်ငန်းကုမ္ပဏီ (GPOC) က ရေနံလုပ်သားတွေ ဖြစ်ကြတယ်လို့ ဝန်ကြီး ဘိုင်ပါလ်က ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသား ၂ ယောက်နဲ့ အိန္ဒိယတယောက်တို့ ပါဝင်ပြီး အင်ဂျင်နီယာတွေနဲ့ နည်းပညာဆိုင်ရာ ဝန်ထမ်းတွေလည်း ပါဝင်ကြောင်း တောင်ဆူဒန်သမ္မတ ဆာလ်ဗာ ကီယာက ပြောပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ စေ့စေ့စပ်စပ် မြန်မြန်ဆန်ဆန် စုံစမ်းစစ်ဆေးမှု လုပ်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
Source : Reuters










