
ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ပိုင်ရှင် Meta ကုမ္ပဏီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဥပဒေအရ ကျေအေးဖို့ ဒေါ်လာ ၂၅ သန်း ပေးချေရမှာဖြစ်ပါတယ်။
ထရမ့်ပ်က ဥပဒေအရ ကျေအေးဖို့ လက်မှတ်ထိုးထားပြီး ဒီအမှုဟာ ၂၀၂၁ ခုနှစ်က ကက်ပီတယ် အဓိကရုဏ်းပြီးနောက် အကောင့်ပိတ်မှုနဲ့ပတ်သက်လို့ ဖေ့စ်ဘွတ်ခ် အမှုဆောင်ချုပ် မာ့ခ်ဇူကာဘတ်ကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လ အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ Meta က ထရမ့်ပ်ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ် အကောင့်တွေကို ပိတ်ပင်မှုကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Wall street Journal က ပထမဆုံး သတင်းထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
ဒီပေးချေမှုမှာ ဒေါ်လာ ၂၂ သန်းဝန်းကျင်က ထရမ့်ပ်ရဲ့ သမ္မတစာကြည့်တိုက်အတွက် ရန်ပုံငွေဖြစ်လာဖွယ် ရှိပါတယ်။
လက်ကျန်ငွေတွေကတော့ တရားစရိတ်ကုန်ကျမှုနဲ့ တခြား တရားလိုတွေ တရားစွဲတဲ့နေရာမှာ ကုန်ကျဖို့ ထားမှ ာဖြစ်ပါတယ်။
Meta ကတော့ သူတို့ မှားယွင်းတယ်လို့ ဝန်မခံထားပါဘူး။ Meta ဟာ ထရမ့်ပ်ရဲ့ အကောင့်ကို ၂၀၂၁ ခုနှစ်မှာ ပိတ်ပင်ထားပြီး အနည်းဆုံး ၂ နှစ်ကြာ ပိတ်ပင်မယ်လို့ ပြောထားပါတယ်။
နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ထရမ့်ပ် အနိုင်ရပြီးတဲ့နောက် ဇူကာဘတ်ဟာ ဖလော်ရီဒါမှာရှိတဲ့ ထရမ့်ပ်ရဲ့ နေထိုင်ရာအပန်းဖြေစခန်းကို သွားရောက်ခဲ့ပါတယ်။
အဲဒီလို သွားရောက်ခဲ့တာက ထရမ့်ပ်နဲ့ ဇူကာဘတ်တို့အကြား ဆက်ဆံရေး အဆင်ပြေလာတဲ့ အထောက်အထား ဖြစ်ပုံပေါ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
နောက်လမှာပဲ Meta က ထရမ့်ပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဇူကာဘတ်ဟာ အခြား ကမ္ဘာ့နည်းပညာဘီလီယံနာတွေ နည်းတူ ဧည်သည်တယောက်အဖြစ် တက်ရောက်ခဲ့ပါတယ်။
ထရမ့်ပ်က မာ့ခ်ဇူကာဘတ်နဲ့ ဖေ့စ်ဘွတ်ခ်ကို ၂၀၁၇ ခုနှစ်မှာ ထရမ့်ပ် ဆန့်ကျင်တဲ့ ဆိုရှယ်မီဒီယာ အဖြစ် အပြင်းအထန် ဝေဖန်ခဲ့ဖူးကာ နှစ်ပေါင်းများစွာ ဝေဖန်မှုလည်း ပြုလုပ်ခဲ့ပါတယ်။
ထရမ့်ပ်က သူ့အကောင့် ပိတ်ခံရချိန်မှာ သူတို့ ၂ ယောက်ရဲ့ ဆက်ဆံရေး အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်ဟာ လူတွေအတွက် ရန်သူဖြစ်တယ်လို့ ၂၀၂၄ ခုနှစ် မတ်လမှာ ဝေဖန်ခဲ့ဖူးပါတယ်။
Source : Reuters